ကျောက်ဖြူ ၁၈ ဧပြီ
ကျောက်ဖြူမြို့ စည်ပင်သာယာဈေးကြီးရှိ ကုန်စိမ်းသည်များနှင့် စားသုံးကုန်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ ကူးစက်ရောဂါမဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်ရေးအတွက် ကျောက်ဖြူမြို့၊ နဂါးကျောင်းကွင်းတွင် ယာယီပျံကျဈေးကို ယနေ့နံနက် ၆ နာရီခွဲ အချိန်မှစတင်ကာ ရောင်းချလျက်ရှိသည်။
အဆိုပါဈေးတွင် ဟင်းသီး၊ ဟင်းရွက်၊ ကုန်ခြောက် (ငပိ၊ ဆား၊ ငရုတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပဲ၊ ဆီ) စသည့်ဈေးရောင်းချသူများအား တစ်ဦးနှင့် တစ်ဦး(၆)ပေအကွာ ရောင်းချရန်၊ ဈေးရောင်းသူ/ဈေးဝယ်သူများ နှာခေါင်းစည်း(Mask)တပ်၍ ဝယ်ယူကြရန်၊ ဝန်ထမ်းများက ဟမ်းစပီကာဖြင့် လိုက်လံနှိုးဆော်လျက် ရှိပါကြောင်း၊ ဈေးရောင်းသူ/ဈေးဝယ်သူများ မြင်သာသည့် နေရာတွင် လိုက်နာရမည့်စည်းကမ်းချက်များအား ပြသထားပါတယ်၊ လိုက်နာမှုမရှိသူအား စဉ်ပင်သာယာရေးဥပဒေဖြင့် အရေးယူသွားပါမယ်၊ ယနေ့က ပထမဆုံး ဈေးဖွင့်ရက်ဖြစ်တာကြောင့် လူအသိနည်းပါးပါတယ်၊ နေရာအကွက်ကိုတော့ (၂၀ဝ)ကျော် ယာထား လျက်ရှိပါတယ်၊ ယာယီပျံကျဈေးကို နံနက် ၆ နာရီခွဲမှ ၁၀ နာရီခွဲ အချိန်အထိ ဖွင့်လှစ်ပေးသွားမှာ ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်ခင်ခင်စိုး ပြောသည်။
ကျောက်ဖြူ စည်ပင်သာယာရေးဈေးကြီးအတွင်း၌ သားငါးရောင်းချသူများသာ ဖွင့်လှစ်လျက်ရှိပြီး ကျန်ဆိုင်များအား ယာယီခေတ္တပိတ်ထားလျက်ရှိကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)