နေပြည်တော် ဇန်နဝါရီ ၂၁
ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြန်မာဘက်နှင့် CITIC ဘက်မှ နှစ်ဘက်ကြိုတင်ဖြည့်ဆည်းရမည့် အချက်များ (Conditions Precedent)နှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ ၁ ၌ ကျင်းပသည်။
အစည်းအဝေးတွင် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ကျောက်ဖြူအထူးစီးပွား ရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီနှင့် တရုတ်နိုင်ငံ CITIC Group ဖြစ်သည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းကုမ္ပဏီလီမိတက်တို့အကြား လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူ စာချုပ် (Concession Agreement) ကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၅ ရက်တွင် ချုပ်ဆိုခဲ့ကြောင်း၊ အဆိုပါ Concession Agreement ၏ နောက်ဆက်တွဲစာချုပ် (Addendum) ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး Long Stop Date ကို ၁၈ လ ကာလ သက်တမ်းတိုးပေးခဲ့ကြောင်း။
Long Stop Date သက်တမ်းတိုးမြှင့်ထားသည့် ကာလမှာ ၂၀၂၅ ခုနှစ်၊ ဇွန် ၂၆ ရက်တွင် ပြည့်မြောက် မည်ဖြစ်ပြီး အဆိုပါသက်တမ်းမပြည့်မြောက်မီ ၂ လ အလိုဖြစ်သည့် ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၆ ရက်မတိုင်မီ လုပ်ငန်းများပြီးပြတ်အောင် ဆောင်ရွက်နိုင်ရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိသည့်အတွက် သတ်မှတ်ရက်မရောက်မီ လုပ်ငန်းများပြီးစီးအောင် သက်ဆိုင်ရာဌာန များနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက် နိုင်ရေးအတွက် ယနေ့ အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့အတူ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ရေးအတွက် အစုရှယ်ယာရှင်များနှင့် သက်ဆိုင်သော သဘောတူစာချုပ် (Shareholders’ Agreement) တွင် ဖော်ပြထားသည့်အတိုင်း မြန်မာ-တရုတ် နှစ်ဘက်အနေဖြင့် စီမံကိန်းမစတင်မီ ကြိုတင်ဖြည့်ဆည်းဆောင်ရွက်ရမည့် စာချုပ်ပါ အချက် ၁၆ ချက် အနက် မြန်မာဘက်ကဆောင်ရွက်ရမည့်အချက် ၁၀ ချက်၊ မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်ရ မည့်အချက် ၄ ချက်စသည့် လုပ်ငန်းတာဝန်များကို သတ်မှတ်ကာလအတိုင်း ပြီးမြောက်အောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သက်တမ်းတိုးမြှင့်ထားသည့် ကာလသည် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့မတိုင်မီ သက်ဆိုင်ရဌာနများမှ ဆောင်ရွက်ရမည့်လုပ်ငန်းများကို Timeline ချမှတ်၍ ပြီးပြတ် အောင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြား သည်။
ထို့နောက် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများက နှစ်ဘက်ကြိုတင် ဖြည့်ဆည်းရမည့်အချက်များ (Conditions Precedent)နှင့်စပ်လျဉ်း၍ ဆောင်ရွက် ပြီးစီးမှု အခြေအနေများကို အသေးစိတ် ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ်လို အပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


