ကျောက်ဖြူ ၂၆ အောက်တိုဘာ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးတွင် COVID-19 ရောဂါဖြင့် တက်ရောက် ဆေးကုသနေပြီး ရောဂါသက်သာပျောက်ကင်းသူ ရှစ်ဦးအား ယနေ့၊ နေ့လယ် (၁၁) နာရီက ထပ်မံ ဆေးရုံ ဆင်းခွင့်ပြုခဲ့ရာ ဆေးရုံဆင်းခွင့်ပြုသူစုစုပေါင်း (၃၂၀) အထိရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
အဆိုပါဆေးရုံဆင်းခွင့်ရရှိသူ ကျား(၃)ဦးနှင့်မ(၅)ဦး အိမ်ထောင်စုလေးစုတို့သည် အောက်တိုဘာလ (၁၅)ရက်နေ့မှစပြီး ခုတင်(၂၀၀)ဆံ့ သီးသန့်ကြပ်မတ်ဆောင်တွင် (၁၁)ရက်ကြာ ဆေးကုသမှု ခံယူနေကြသူများဖြစ်ကြပြီး ယခုအခါ ကိုဗစ်ရောဂါလက္ခဏာမတွေ့ရှိဘဲ ပြန်လည်ကောင်းမွန်လာပြီ ဖြစ်သဖြင့် မိမိနေအိမ်တွင် (Stay at Home) (၇)ရက် အသွားအလာ ကန့်သတ်ကာ သီးသန့် နေထိုင်ရမည်ဖြစ်သည်။ ၎င်းတို့အား ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များကို တိကျစွာလိုက်နာကြရန် သမားတော်နှင့် တာဝန်ကျသူနာပြု ဆရာမများကမှာကြားပြီး၊ ဆေးရုံဆင်း လက်မှတ်များ အသီးသီးပေးအပ်ခဲ့သည်။
ထို့နောက် ၎င်းတို့အား မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့၊ လူမှုရေးအသင်း အဖွဲ့များက နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။ ကျောက်ဖြူမြို့တွင် ဩဂုတ်လ (၂၅) ရက်နေ့မှ အောက်တိုဘာလ (၂၆) ရက်အထိ COVID-19 ရောဂါ ကူးစက်ခံရသူ ကျား(၁၅၉)ဦး၊ မ(၁၇၈)ဦး၊ စုစုပေါင်း (၃၃၇) ဦးအထိရှိရာ ယနေ့တွင် ရောဂါပျောက်ကင်းသူ ရှစ်ဦး ထပ်မံဆေးရုံဆင်းခွင့်ပြုခဲ့ပြီး၊ ဆေးရုံးဆင်းခွင့်ရရှိသူ စုစုပေါင်း (၃၂၀) ဦး အထိရှိပြီဖြစ်ကြောင်းနှင့် ဆေးရုံတွင် (၁၇) ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း ခရိုင်ဆေးရုံ အုပ်ကြီး ဒေါက်တာရဲလွင်မောင်ထံမှ သိရသည်။
ဖြိုးဝေလင်း၊ တင်ထွန်းဦး(ခရိုင်ပြန်ဆက်)


