ကျောက်ဖြူ ၄ ဒီဇင်ဘာ
၂၀၁၉ ခုနှစ်၊ ရခိုင်ပြည်နယ်၊ အခြေခံပညာကျောင်းသား အားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ကျောက်ဖြူခရိုင်၊ မြို့ အားကစားကွင်းတွင် ယနေ့နံနက် ၈ နာရီက ကျင်းပခဲ့ရာ ခရိုင်(၄)ခရိုင်မှ ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများ၊ အသင်းနည်းပြများ၊ ဌာနဆိုင်ရာများနှင့် အားကစား ချစ်မြတ်နိုးသူများ လာရောက် ကြည့်ရှုအားပေးခဲ့ကြသည်။
အခမ်းအနားတွင် အထက-၁ မှ ကျောင်းသူလေးများက ပန်းဖွားအကဖြင့် ကပြဖျော်ဖြေကာ ကျောက်ဖြူမြို့ အတိုကောက် အင်္ဂလိပ် အက္ခရာ(KPU)၊ အထက-၁ နှင့် အားကစားတံဆိပ်အား သရုပ်ဖော် ကပြခဲ့ကြသည်။
ဆက်လက်၍ ကွင်းဖွင့်ပွဲအနေဖြင့် ကျောက်ဖြူအသင်းနှင့်မောင်တောအသင်းတို့ ယှဉ်ပြိုင် ကစား ခဲ့ကြကာ ကျောက်ဖြူအသင်းက မောင်တောအသင်းကို ငါးဂိုး နှစ်ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။
အဆိုပါ ကျောင်းသား အားကစားပွဲတော်တွင် အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ၊ အမျိုးသား အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ပြေးခုန်ပစ်၊ ဘောလီဘောပြိုင်ပွဲများကို ဒီဇင်ဘာ ၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)