ကျောက်ဖြူ ၄ ဇန်နဝါရီ
(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ နှင့် ဆုပေးပွဲအခမ်းအနားကို ကျောက်ဖြူခရိုင်၊ မြို့မအားကစားကွင်း၌ ယနေ့၊ နံနက်(၆)နာရီအချိန်တွင်ကျင်းပခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိ/မြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပညာရေးကောလိပ်မှ သင်တန်းသား၊ သင်တန်းသူများ၊ ပညာရေးဌာနမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ စုစုပေါင်း (၁၂၀ဝ)ခန့်တက်ရောက်ခဲ့သည်။
ရှေးဦးစွာ နံနက် ၄ နာရီ မိနစ် ၂၀ တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဦးဆောင်ကာ အလံတင်အခမ်းအနားကို ကျင်းပခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ထုတ်ဝေသော လွတ်လပ်ရေးနေ့အထိမ်းအမှတ် လက်ကမ်း စာစောင်များကို ကျောက်ဖြူခရိုင် ဝန်ထမ်းများက အခမ်းအနားတက်ရောက်လာသူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
ဆက်လက်၍ ၂၀၂၀ ပြည့်နှစ်၊ (၇၂)နှစ် မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ကျင်းပခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဦးဆောင်၍ အခမ်းအနား တက်ရောက်သူများက နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ၂၀၂၀ ပြည့်နှစ်၊ (၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဒုတိယရဲမှူးကြီး သန့်စင်ဦး က ဖတ်ကြားခဲ့သည်။ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်း အဆင့် စာစီစာကုံးပြိုင်ပွဲတို့တွင် ဆုရရှိသူများအား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံ၊ ဒုတိယရဲမှူးကြီး သန့်စင်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော် နှင့်တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြသည်။

အဆိုပါဘောလုံးကွင်း၌ မွန်းလွဲပိုင်းတွင် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူး ၍ အပ်ချည်ထိုးပြိုင်ပွဲ၊ သံပုံးရိုက်ပြိုင်ပွဲ၊ တာတို(ကျား/မ)မီတာ(၅ဝမှ၇၅)အထိ အပြေးပြိုင်ပွဲ၊ မုန့်ကိုက်၊ ယုန်ခုန်၊ ကွမ်းသီးကောက်၊ ကြက်ဥဇွန်းကိုက် စသည့်ပြိုင်ပွဲပေါင်း(၂၃)မျိုးဖြင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများနှင့်ကလေးများ ဝင်ရောက်ယှဉ်ပြိုင် ကြမည် ဖြစ်ကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)