ကျောက်ဖြူ ၁၁ ဩဂုတ်
ပညာရေးဝန်ကြီးဌာန ၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာဦးစီးဌာန ၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကျောင်းပြင်ပ မူလတန်းပညာရေးလုပ်ငန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၉)နာရီအချိန်တွင် ကျောက်ဖြူမြို့ ၊ အထက(၃) ၊ စန္ဒကူးခန်းမ၌ ကျင်းပရာ ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော် နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ ၊ ကျောက်ဖြူမြို့နယ်ပညာရေးမှူးနှင့် ဆရာ ၊ ဆရာမများ ၊ စေတနာရှင်များနှင့် ကျောင်းသား ၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်မှ အဖွင့်အမှာစကားပြောကြား ခဲ့ပြီး ပြည်နယ်ကြီးကြပ်ရေးမှူး ဆရာမကြီး ဒေါ်ခင်ရီက ကျောင်းပြင်ပ မူလတန်းပညာရေးနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကျောက်ဖြူမြို့နယ်ပညာရေးမှူး ဦးစောဝင်းမှ ကျောက်ဖြူမြို့ နယ်ရှိ ကျောင်းပြင်ပ မူလတန်းပညာရေးအခြေစိုက်စခန်း ဖွင့်လှစ်ထားရှိမှု အခြေအနေများအား ရှင်းလင်း ပြောကြားခဲ့ပြီး မြို့နယ်ကြီးကြပ်ရေးမှူး ဆရာမကြီး ဒေါ်တင်တင်အုန်းမှ ကျောက်ဖြူမြို့နယ်၏ ကျောင်းပြင်ပ မူလတန်းပညာရေးအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူးမှ အခြေစိုက်စခန်း ကြီးကြပ်ရေးမှူး ကော်မတီ ဥက္ကဌ များကို တာဝန်ပေးအပ်လွှာများ ပေးအပ်ခဲ့ပြီး ကျောင်းပြင်ပ မူလတန်းပညာရေးမှ Level-2 အောင်မြင်ပြီး အခြေခံပညာကျောင်းများ တွင် ပဉ္စမတန်း ၊ ဆဌမတန်း တက်ရောက်နေသော ကျောင်းသား ၊ ကျောင်းသူများနှင့် Level-1 ၊ Level-2 တက်ရောက် သင်ယူနေသော ကျောင်းသား ၊ ကျောင်းသူများအား စေတနာရှင်များက အလှူငွေ ၊ ကျောင်း ဝတ်စုံနှင့် ထီးစသည်တို့ကို လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ ကျောင်းပြင်ပ မူလတန်းပညာရေးမှ ကျောင်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ကျောင်းပြင်ပ မူလတန်းပညာရေး ဆရာ ၊ ဆရာမများက ကလေးများအတွက် ဒီနေ့သီချင်းဖြင့် ဖျော်ဖြေသီဆိုခဲ့ကြကြောင်း ခရိုင်(ပြန်/ဆက်)မှ သိရှိရသည်။
MDN



