ကျောက်ဖြူ  ဩဂုတ် ၂၃

 

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အထိမ်းအမှတ် လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၁၀ နာရီခွဲက အထက(ခွဲ) အလက(၂)မြို့မကျောင်းခန်းမ၌ ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာများနှင့်  ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ကျောက်ဖြူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းသူကလူငယ်များ စာဖတ်စွမ်းရည် တိုးတက် မြင့်မားစေရေး၊ အသိဉာဏ်ပညာ  ဗဟုသုတတိုးပွားကာ လမ်းမှားမရောက်စေရေး၊ ရည်မှန်းချက်ထားရှိပြီး စာပေကို ကြိုးစားသင်ယူစေရေး၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများမပျောက်စေရန် ထိန်းသိမ်းစောင့်ရှောက်ရေး၊ စာဖတ်ရှိန် မြှင့်တင်ရေးနှင့်  ဗလငါးတန်နှင့်ပြည့်စုံသော  လူငယ်လူရွယ်များဖြစ်လာစေရေး  စသည့်လူငယ်စကားဝိုင်း  ကျင်းပ ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား  ရှင်းလင်းပြောကြားသည်။  

 

ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ  ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင် ဦးစီးမှူးက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး ကျောင်းသား ကျောင်းသူများက လူငယ်နှင့် စာရိတ္တ၊  လူငယ်နှင့် ယဉ်ကျေးမှု၊ လူငယ်နှင့် စာပေ၊  လူငယ်နှင့် အောင်မြင်မှု ခေါင်းစဉ်များဖြင့်  ဆွေးနွေးကြသည်။

 

ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများက မေးမြန်းဆွေးနွေးကြပြီး  တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ် ချီးမြှင့်သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနက ခင်းကျင်းပြသ ထားသည့် စာအုပ်စာစောင်များနှင့် ကလေးအလုပ်သမား  ပပျောက်ရေးအသိပညာပေး နံရံကပ် စာစောင်များ၊ စာဖတ်ရှိန်မြှင့်တင် ရေး  အထိမ်းအမှတ်လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး (ပြန်/ဆက်)