ကျောက်ဖြူ မေ ၉    

 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာများနှင့် ရင်ဆိုင်ကြုံတွေ့လာပါက အရေးပေါ်ကူညီမှုများ တုန့်ပြန်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီဝင်များနှင့် ရပ်ကွက်/ကျေးရွာစာရေးများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

 

ဦးစွာ ကျောက်ဖြူမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွဏ်းက မိုးဦးကာလတွင် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများ လျော့ပါးစေရန်၊ သဘာဝဘေးအန္တရာယ်မကျရောက်မီ ကြိုတင်ကာကွယ်ပြင်ဆင်ခြင်း လုပ်ငန်းများ၊ ဘေးအန္တရာယ် လျော့ပါးစေရေးလုပ်ငန်းများ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းများအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ မြစ်ချောင်းနှင့် ပင်လယ်ကမ်းနားတစ်လျောက် နေထိုင်ကြသည့် ပြည်သူများ၊ ရေလုပ်ငန်းလုပ်ကိုင်နေသူများကို မုန်တိုင်းဘေး ကြိုတင်အသိပေးထားရှိရန်၊ ရေလွတ်ရာနေရာများကို သတ်မှတ်ရှာဖွေထားရန်၊ အရေးပေါ်ကူညီကယ်ဆယ်ရေးယာဉ်များ၊ လူဦးရေနှင့် တိရစ္ဆန်များကို စာရင်းကောက်ထားရှိရန်၊ ရေကြောင်းသတိပေးချက်များကို လူမှုကွန်ရက်များမှ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေခြင်းများဆောင်ရွက်ရန်၊ အရေးပေါ်ဆေးကုခန်းများဖွင့်လှစ် ဆောင်ရွက်ပြီး စားနပ်ရိက္ခာ၊ ရေနှင့် အရေးပေါ်ကူညီကယ်ဆယ်ရေး ပစ္စည်းများကို အဆင်အသင့်ထားရှိရန်အတွက် မိမိတို့ ရပ်ကွက်/ကျေးရွာများရှိ ပရဟိတအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ကြရန်၊ ခရိုင်/မြို့နယ် သဘာဝဘေးကော်မတီများနှင့် ချိတ်ဆက်၍ သဘာဝဘေးဖြစ်ပွားမှု အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

 

ထို့နောက် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီဝင်များက မုန်တိုင်းဘေး ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး ရပ်ကွက်/ကျေးရွာစာရေးများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ  မိမိတို့ရပ်ကွက်/ကျေးရွာများတွင် ဆောင်ရွက်ထားရှိမှု အခြေအနေအား တင်ပြဆွေးနွေးကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

 

တင်ထွန်းဦး (ပြန်/ဆက်)