ကျောက်ဖြူ   အောက်တိုဘာ   ၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၌ ဒေသထွက် ရွှေပုဇွန်ခြောက်နှင့် ရေထွက်ကုန်ပစ္စည်းများကို အွန်လိုင်းအသုံးပြု၍ ရောင်းချလာသူများပြားလာပြီး ၎င်းကုန်ပစ္စည်းများကို မြန်မာနိုင်ငံအနှံ့မှ ပြန် လည်ရောင်းချ၊စားသောက်ကြမည့် ဝယ်ယူသူများစွာရှိကြောင်း Hsu Family ပုဇွန်ခြောက်နှင့် ပင် လယ်စာဖြန့်ချိရေး လုပ်ငန်းရှင်တစ်ဦးထံမှ သိရသည်။

“ရွှေပုဇွန်ခြောက် လုပ်ငန်းတွေအပြင် ငပိ၊ ငါးခြောက်၊ ငါးမုန့်တွေပါ မြန်မာပြည်အနှံ့ အိမ်အရောက် ငွေချေစနစ်နဲ့ ပို့ဆောင်ရောင်းချပေးနေပါတယ်” ဟု Hsu Family ပုဇွန်ခြောက်နှင့် ပင်လယ်စာဖြန့်ချိရေး လုပ်ငန်းရှင် ဒေါ်ဆုထက်အောင်က ပြောပြသည်။

အဆိုပါ ကျောက်ဖြူဒေသထွက် ရွှေပုဇွန်ခြောက်နှင့် ငပိ၊ ငါးခြောက်များကို အွန်လိုင်းမှတစ်ဆင့်‌ ရောင်းချသူများမှာ ဈေးကွက်အနေဖြင့် ပြည်နယ်အတွင်းရှိ ဈေးကွက်များအပြင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပြင်ဦးလွင်၊ ပခုက္ကူ၊ မကွေး စသည့်မြို့ကြီးများနှင့် မြန်မာနိုင်ငံအနှံ့ရှိ မြို့နယ်များသို့ အိမ်အရောက် ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

တင်ထွန်းဦး(ပြန်/ဆက်)