ကျောက်ဖြူ၊ ၂၆  မေ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား မေ ၂၁ ရက်မှစတင်၍ ပင်စင်လစာငွေများကို နေ့အလိုက် ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ထုတ်ပေးလျှက်ရှိရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရန်နှင့် အငြိမ်းစားဝန်ထမ်းများအနေဖြင့် ပင်စင်လစာငွေများထုတ်ယူရာ၌ အဆင်ပြေချောမွေ့စေကာ အခက်အခဲမဖြစ်ပေါ်စေရန်အတွက် နေ့ရက်အလိုက် သတ်မှတ်ရပ်ကွက်များအား မေလ ၂၁ ရက်မှ ၂၈ ရက်အထိ နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၃ နာရီအတွင်းထုတ်ပေးလျက်ရှိပြီး သတ်မှတ်ရက်များတွင် လာရောက်ထုတ်ယူနိုင်ခြင်း မရှိသော အငြိမ်းစားဝန်ထမ်းများကို ဇွန်လဆန်းတွင် ဘဏ်လုပ်ငန်းချိန်အတွင်း ထုတ်ပေးမည်ဖြစ်သည်။

ကျောက်ဖြူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ်ပင်စင်လာရောက်ထုတ်ယူသူ ၂၅၀၀ ကျော်ရှိပြီး မေလ ၂၁ ရက်‌နေ့တွင် လာရောက်ထုတ်ယူသူ ၈၀၀ ကျော်နှင့် မေလ ၂၄ ရက်‌နေ့တွင် လာရောက်ထုတ်ယူသူ ၅၀၀ ကျော်တို့အား ပင်စင်လစာငွေများကို ထုတ်ပေးထားပြီးဖြစ်ကြောင်း မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)

mdn