ကျောက်ဖြူ ၁၈ အောက်တိုဘာ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျောက်ဖြူမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေကျပ် ၁၀၅၉ ဒသမ ၆၇၈ သန်းဖြင့် မြေသားလမ်း(၂/၀)မိုင်၊ ဒီရေတော မြေဖို့ခြင်းလုပ်ငန်း (၀/၆)မိုင်၊ ကျောက်ချောလမ်း (၄/၁)မိုင်၊ (၂၅)ပေ ကွန်ကရစ်တံတား တစ်စင်း၊ ရေထုတ်ပြွန်တံတား ရှစ်စင်း၊ ပိုက်ပြွန်တံတား လေးခုနှင့် ဦးစီးဌာနတည်ဆောက်ရေးလုပ်ငန်း နှစ်ခုတို့အား သတ်မှတ်ကာလအတွင်း ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများအနက် ဆင်ဘုတ်ကျေးရွာအုပ်စု၊ လူချေတောင်ရင်း ကျွန်းချောင်စပါးထားဆိပ်ကမ်းထိ မြေသားလမ်း (၂/၀)မိုင်၊ ကျောက်လမ်း (၂/၀)မိုင်၊ ရေထုတ်ပြွန်တံတား နှစ်စင်း၊ ပိုက်ပြွန်တံတား နှစ်ခုတည်ဆောက်ခြင်း လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းအတိုင်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
ယင်းကျေးရွာချင်းဆက် လမ်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခြင်းကြောင့် ကျွန်းကြီး - သိုင်းချောင်း - တံတားဦး - ငသိုင်းချောင်း ကျေးရွာချင်းဆက်လမ်းကိုဖြတ်ကာ ကျောက်ဖြူ - မအီ - တောင်ကုတ် ပြည်ထောင်စုလမ်းမကြီးနှင့် ဆက်စပ်သွားလာနိုင်မည်ဖြစ်ပြီး ကျေးလက်နေပြည်သူများ အနေဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည့်အပြင် ကုန်စည်စီးဆင်းမှု ကောင်းမွန်လာမည် ဖြစ်ကြောင်း သိရသည်။
ဟန်လင်းနိုင်


