ကျောက်ဖြူ စက်တင်ဘာ ၃

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များရှိ လမ်းဆုံလမ်းခွနေရာများသို့ သွားရောက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။ 

ထိုသို့ အသိပေးနှိုးဆော်ရာတွင် ယခုအခါ ကျောက်ဖြူမြို့နယ်အတွင်းတွင် ၂၀၂၁ ခုနှစ်၊ မေလ ၂၇ ရက်နေ့မှ စက်တင်ဘာလ ၂ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများမှာ နေ့စဉ်နှင့်အမျှရှိနေပြီး သေဆုံးသူ ၅၁ ဉီးအထိ ရှိနေပြီဖြစ်၍ မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု မဖြစ်ပေါ်စေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ နေအိမ်ပြင်ပသို့ထွက်ခွာလျှင် နှာခေါင်းစည်းတပ်ဆင်ခြင်း၊ စနစ်တကျလက်ဆေးခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း၊ တစ်ဦးနှင့် တစ်ဦးခပ်ခွာခွာနေခြင်း၊ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခန်းခြင်း၊ စသည့် လက္ခဏာများ ဖြစ်ပွားလာပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသွား‌ရောက် ပြသကြရန်လိုအပ်ကြောင်း စသည့် လိုက်နာရမည့် စည်းကမ်းချက်များအား အသံချဲ့စက်ဖြင့် မြို့ပေါ်ရပ်ကွက်များရှိ ဈေးများနှင့် လမ်းဆုံလမ်းခွနေရာများသို့ သွားရောက်၍ အသိပေးနှိုးဆော်ခဲ့ကြောင်း သိရှိရသည်။ 

တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)