ကျောက်ဖြူ ၁၇ ဒီဇင်ဘာ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျောက်ဖြူမြို့နယ်အတွင်း နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အဓိကကျသော လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေးနှင့် ကျေးရွာများသွားလာရေး လွယ်ကူမြန်ဆန်စေရေးအတွက် စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မော်ကြီးကျွန်းပေါ်ရှိ ငစိမ့်ပြင်ကျေးရွာအုပ်စု၊ စပါးထား(ဒီရေတော)မှ မော်ကြီး - ကြောင်တင် - မအူတော - ဝါးတော - လိပ်ပြင်ဒွန် ငစိမ့်ပြင်ကျွန်းပတ်လမ်းအား ၂၀၁၈ ခုနှစ်မှ စတင်ကာ မြေလမ်းဖောက်လုပ်ခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ မြေလမ်း (၇/၆)မိုင်၊ ယင်းလမ်းပေါ်ရှိ (၃၅)ပေ ကွန်ကရစ်တံတား တစ်စင်း၊ ပေ (၂၀) ကွန်ကရစ်တံတား သုံးစင်း၊ (၁၅)ပေ ကွန်ကရစ်တံတား သုံးစင်း၊ ရေထုတ်ပြွန်တံတား တစ်ဆယ့်ငါးစင်းနှင့် ပိုက်ပြွန်တံတား သုံးဆယ့်သုံးစင်းတို့အား ခွင့်ပြုရန်ပုံငွေကျပ် ၇၃၁ ဒသမ ၉၃၅ သန်းဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဖြစ်သည်။

 

ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်လည်း အဆိုပါမြေလမ်း (၇/၆)မိုင်မှ (၁/၀)မိုင် ကျောက်ခင်းခြင်းလုပ်ငန်းအား ခွင့်ပြုရန်ပုံငွေကျပ် ၁၇၃ ဒသမ ၇၁၀ သန်းဖြင့် လုပ်ငန်းစတင် အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို ကျောက်ဖြူခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ထွန်းထွန်းလှိုင်နှင့် အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ လမ်းလုပ်ငန်းဆောင်ရွက်ပြီးစီးပါက ဒေသခံပြည်သူများအနေဖြင့် ကျောက်ဖြူမြို့သို့ ရာသီမရွေး သွားလာနိုင်မည် ဖြစ်ပြီး ကျေးရွာ (၁၀)ရွာ၊ အိမ်ခြေ (၈၀၇)အိမ်၊ လူဦးရေ (၃၁၅၆)ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူ ပြုမည်ဖြစ်ကြောင်း သိရသည်။

ဟန်လင်းနိုင်