ကျောက်ဖြူ၊ ၃ ဇွန်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့သွားရောက်၍ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဇွန် ၂ ရက် နံနက်ပိုင်းက မင်းပြင်ကျေးရွာသို့ သွားရောက်ပြီး ကွင်းဆင်းဆောင်ရွက်ပေးကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ပန်းခင်းစီမံချက်အနေနဲ့ မိမိတို့ရဲ့လက်ရှိဇာတိဒေသမှာ အမြဲတမ်းနေထိုင်ပြီးတော့ အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူတွေကို ဆောင်ရွက်ပေးတယ်၊ အိမ်ထောင်စုလူဦးရေစာရင်းမရှိ ကိုင်ဆောင်လက်မှတ်လည်း မရှိသူတွေကို ဆောင်ရွက်ပေးတယ်၊ ပြီးတော့ ရွှေ့ပြောင်းနေထိုင်သူ တွေအတွက် မိမိတို့ရဲ့မူလဒေသမှာ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး လက်ရှိဒေသမှာ ကိုင်ဆောင်လက် မှတ်မရှိသူတွေကို ဆောင်ရွက်ပေးတယ်၊ ဒါ့အပြင် မူလဒေသမှာ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိ၊ လက်ရှိဒေသမှာလည်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူတွေကို ဆောင်ရွက်ပေးလျက်ရှိပါတယ်” ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကြည်ဦးက ပြောသည်။
ထိုသို့ ပန်းခင်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက မင်းပြင်ကျေးရွာနေပြည်သူများထဲမှ နိုင်ငံစိစစ်ရေးကတ်ပြား တစ်ကြိမ်တစ်ခါမှ မပြုလုပ်ရသေးသည့် အသက်(၁၆)နှစ်နှင့် အသက် (၁၈)နှစ်ကြား ၂၆ ဦးနှင့် အသက် (၁၈)နှစ်အထက် ၇၆ ဦး စုစုပေါင်း ၁၀၂ ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပြုလုပ်ပေးခဲ့သည်။
ကျောက်ဖြူမြို့နယ်တွင် အဆိုပါစီမံချက်ဖြင့် မြို့ပေါ်ရပ်ကွက်(၆)ရပ်ကွက်မှ အသက်(၁၆)နှစ်နှင့် အသက် (၁၈)ကြား ၅၀ ဦး၊ အသက် (၁၈)နှစ်အထက် ၃၇ ဦး စုစုပေါင်း ၈၇ ဦးအားလည်းကောင်း၊ ကျေးရွာအုပ်စု (၅)အုပ်စုရှိ အိမ်ထောင်စု ၉၂ စုမှ အသက် (၁၆)နှစ်နှင့် အသက် (၁၈)ကြား ၁၀၀၊ အသက် (၁၈)နှစ်အထက် ၃၃၁ ဦး စုစုပေါင်း ၄၃၁ ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုစာရင်းများ ပြုလုပ်ပေးခဲ့ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ သိရသည်။
ဖြိုးဝေလင်း၊ တင်ထွန်းဦး


