ကျောက်ဖြူ၊ ၂၇ ဇန်နဝါရီ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်ကာကွယ်ဆေးများကို ဇန်နဝါရီ ၂၇ ရက် နံနက် ၉ နာရီက ပထမဦးဆုံးစတင် ထိုးနှံပေးလျက်ရှိကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာရဲလွင်မောင်ထံမှ သိရသည်။
“ကျောက်ဖြူမြို့နယ်အတွက် ခွဲတန်းရရှိတဲ့ ကိုဗစ်ကာကွယ်ဆေးတွေကို ဇန်နဝါရီ ၂၆ ရက်က ကျွန်တော်တို့ ဝန်ထမ်းတွေ တောင်ကုတ်မြို့ကို သွားရောက်ထုတ်ယူခဲ့ပြီးဖြစ်ပါတယ်၊၊ ရရှိတဲ့ ကိုဗစ် ကာကွယ်ဆေးအရေအတွက်ကတော့ အလုံးရေ ၄၄ လုံးပါ၊၊ ကာကွယ်ဆေးတစ်လုံးကို လူ(၁၀) ဦး အထိထိုးပေးလို့ရပါတယ်၊၊ ဒါ့အပြင် ကျွန်တော်တို့က ကိုဗစ်ကာကွယ်ဆေးထိုးခံယူကြမယ့် ဆရာ၊ ဆရာမတွေနဲ့ ဝန်ထမ်းတွေရဲ့ သဘောထားဆန္ဒတွေကိုလည်း ကောက်ယူထားပြီးဖြစ်သလို ကာကွယ်ဆေးထိုးပေးမယ့် ကျန်းမာရေးဝန်ထမ်းတွေကိုလည်း သင်တန်းပို့ချပေးထားပြီး ဖြစ်ပါတယ်” ဟု ဒေါက်တာ ရဲလွင်မောင်က ပြောသည်။
ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးတွင် လက်ရှိစာရင်းအရ ကျန်းမာရေးဝန်ထမ်း ၃၆၃ ဦးရှိပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ တိုင်းရင်းဆေးဦးစီးဌာန၊ အားကစားနှင့် ကာယ ပညာဦးစီးဌာန စသည့်ဌာနများမှ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်မှအပ ကျန်ရှိသည့်ဝန်ထမ်း များကို ဇန်နဝါရီ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် လမ်းညွှန်ချက်များနှင့်အညီ စုရပ်တစ်ခု၌ နေရာ ၅ နေရာခွဲ၍ ထိုးနှံပေးလျက်ရှိရာ ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းတွင် သမားတော်နှင့် ဝန်ထမ်း ၅၀ တို့အား စတင်ထိုးနှံပေးလျက်ရှိကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။
ထို့ပြင် ကျောက်ဖြူမြို့နယ်အတွင်းရှိ ပြည်သူများကိုလည်း ကိုဗစ်ကာကွယ်ဆေးထိုးနှံ ပေးရန် အတွက် ရပ်ကွက်/ကျေးရွာအလိုက် လူဦးရေစာရင်းကောက်ယူလျက်ရှိကြောင်း မြို့နယ်အထွထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်၊၊
တင်ထွန်းဦး၊ ဖြိုးဝေလင်း


