ကျောက်ဖြူ ၉ ဇန်နဝါရီ
ရေချိုခရုမှတစ်ဆင့် ကူးစက်တတ်သော သန်ပြားကောင် ရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ကျောက်ဖြူလူမှုဝန်ထမ်း မူကြိုကျောင်းတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကျောက်ဖြူခရိုင် ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ နီနီဝင်းက သန်ပြားကောင် ရောဂါသည် ရခိုင်ပြည်နယ်အတွင်း ၂၀၁၆ ခုနှစ်တွင် ၁ ဦး၊ ၂၀၁၇ ခုနှစ်တွင် ၄၄ ဦး၊ ၂၀၁၈ ခုနှစ် နှစ်ကုန်အထိ ၄၇၈ ဦး စုစုပေါင်း ၅၂၃ ဦး ကူးစက်ရောဂါဖြစ်ပွားခဲ့ပါကြောင်း၊ ရောဂါလက္ခဏာများမှာ အရေပြား ယားယံခြင်း၊ အင်ပျဉ်ထခြင်း၊ ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ ဖျားနာခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ ဆီးတွင်သွေးပါခြင်း၊ ဆီးအိမ်ရောင်ခြင်း၊ ဆီးအိမ်ကင်ဆာ ဖြစ်ပွားသည်အထိ ဖြစ်ပွားနိုင်ခြင်း၊ ရေဖျဉ်းစွဲခြင်း၊ သွေးအန်ခြင်းတို့ ဖြစ်ပေါ်တတ်ကြောင်း၊ ဒါကြောင့် ယင်လုံအိမ်သာ အသုံးပြုခြင်း၊ ပတ်ဝန်းကျင် သန့်ရှင်းရေးကို ဂရုပြုဆောင်ရွက်ခြင်း၊ မသန့်ရှင်းသော ရေနှင့် ထိတွေ့မှုကို ရှောင်ကြဉ်ခြင်း၊ ရေးကောင်းရေသန့်ကိုသာ အသုံးပြုကြရန် ရှင်းလင်းပြောကြားသည်။

အဆိုပါ ဟောပြောပွဲတွင် ကျောက်ဖြူခရိုင် ကျန်းမာရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးအဖွဲ့မှ လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေခဲ့ပြီး တက်ရောက်လာသော ပြည်သူများက သိလိုသည်များ မေးမြန်းရာ ဒေါက်တာ နီနီဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)