ကျောက်ဖြူ၊ ၁၀ ဇန်နဝါရီ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ လမ်းဆုံ၊ လမ်းခွနေရာများတွင် မီးပွိုင့်များအား တပ်ဆင်ထားရှိပြီးဖြစ်ရာ အဆိုပါမီးပွိုင့်ဖွင့်ပွဲနှင့် မီးပွိုင့်အချက်ပြမီးများ စတင်လည်ပတ်ခြင်း၊ ပြည်သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၇ နာရီက အစိုးရရပ်ကွက်ရှိ မြေစာရင်းခွဆုံနေရာတွင် ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့မိ၊ မြို့ဖတို့က ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောက်ဖြူမြို့နယ် အမှတ်(၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ကြပ်ကြီး မောင်မောင်ဦးဆောင်သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက လမ်းသွား၊ လမ်းလာပြည်သူများ၊ အနှေးယာဉ်မောင်းနှင်သူများ၊ အငှားယာဉ်မောင်းနှင်သူများနှင့် ကား၊ ဆိုင်ကယ် စသည့် မော်တော်ယာဉ်မောင်းများကို ယာဉ်အန္တရာယ်ကင်းရှင်းစေရန်နှင့် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေရန်အတွက် ယာဉ်ကြောပိတ်ဆို့မှု အချက်ပြစနစ် (သို့) မီးပွိုင့်အချက်ပြမီးစနစ်များအား အသိညာပေးပြောကြားပြီး ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဉပဒေပါ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးကာ နှာခေါင်းစည်းမပါရှိသူများအား နှာခေါင်းစည်းများ အခမဲ့ဝေငှပေးခဲ့သည်။
ကျောက်ဖြူမြို့တွင် အဆိုပါမီးပွိုင့်များကို အဓိကလမ်းမကြီး (၃)နေရာဖြစ်သည့် မြေစာရင်းလေးခွဆုံ၊ ရုံးတက်လမ်းလေးခွဆုံ (မိခင်နှင့် ကလေးစောင့်ရှောက်ရေး-ခွဆုံ)၊ အဝေးပြေးကားဂိတ် လေးခွဆုံ စသည့် ကား၊ ဆိုင်ကယ်နှင့် လူသွားလူလာများသော အဓိကနေရာများတွင် စိုက်ထူတပ်ဆင် ထားခြင်းဖြစ်ကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)


