ကျောက်ဖြူမြို့တွင် ပွဲလန်းသဘင်များပြားသဖြင့် ‌တော်ဝင်သဇင်ပန်း စိုက်ပျိုးရောင်းချသူများ ဝင်ငွေကောင်းပြီး ပြည်ပအထိပါ တင်ပို့ရောင်းချနေရ

ကျောက်ဖြူ ဇန်နဝါရီ ၁၀

 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့နည်းလာပြီဖြစ်သဖြင့် ပွဲလန်းသဘင် ပြုလုပ်သူများပြားလျက်ရှိရာ တော်ဝင်သဇင်ပန်းအား စီးပွားဖြစ် စိုက်ပျိုးရောင်းချသူများမှာလည်း ဝယ်ယူသူများပြား၍ အထူးဝင်ငွေကောင်းပြီး ပြည်တွင်းဈေးကွက်အပြင် ပြည်ပနိုင်ငံ ဈေးကွက်အထိ တင်ပို့ရောင်းချနေရကြောင်း သဇင်ပန်းစိုက်ပျိုးရောင်းချသူ တစ်ဦးထံမှ သိရသည်။

 

“ကျွန်မတို့က ဒီသဇင်ပန်းကို စိုက်ပျိုးလာတာ ခုဆိုရင် ၁၀ နှစ်ကျော်လောက် ရှိပါပြီ၊ စစိုက်ပျိုးတုန်းကတော့ အိမ်မှာ အလှစိုက်မယ်ဆိုပြီး နဲနဲပဲစိုက်ခဲ့ပါတယ်၊ နောက်ပြီးတော့မှ သဇင်ပန်းဝယ်ယူသူတွေ များလာတာကြောင့် ခုလိုစိုက်ပျိုးဖြစ်သွားတာပါ၊ မနှစ်တုန်းက ကိုဗစ်ရောဂါတွေဖြစ်နေတာကြောင့် ပွဲတွေဆိုလည်း မရှိသလောက်ပဲလေ၊ ပြီးတော့ မနှစ်က သဇင်ပန်းတစ်ခက်ကို ခုနစ်ရာ၊ ရှစ်ရာကျပ်လောက်နဲ့သာ ရောင်းရပြီးတော့ အွန်လိုင်းကနေပဲ အဓိကထားရောင်းချခဲ့ရတယ်၊ ဒီနှစ်မှာတော့ သဇင်ပန်း တော်တော်ရောင်းကောင်းတယ် ဆိုရပါမယ်၊ ဒါ့အပြင် သဇင်ပန်းတစ်ခက်ကို တစ်ထောင်ကျပ်ကနေ ထောင့်ငါးရာကျပ်အထိ ရရှိပါတယ်၊  ကျွန်မတို့ သဇင်ပန်းကို ဈေးကွက်အနေနဲ့ကတော့ စစ်တွေ၊ ရမ်းဗြဲ၊ တောင်ကုတ်၊ ရန်ကုန်၊ ပြည်၊ စတဲ့မြို့တွေအပြင် ပြည်ပကပါ မှာယူသူတွေရှိနေလို့ နိုင်ငံခြားအထိ တင်ပို့ရောင်းချရပါတယ်” ဟု  သဇင်ခြံပိုင်ရှင် ဆရာမ ဒေါ်ရည်လဲ့မွန်က ပြောသည်။

 

သဇင်ပန်းသည် သစ်ခွမျိုးနွယ်ပန်းတစ်မျိုးဖြစ်ပြီး နတ်တော်၊ ပြာသိုလတွင်ပွင့်ကာ ပန်းများစွာထဲတွင် ထူးမြတ်ပြီး ကြာရှည်ခံသည့် နန်းထိုက်တော်ဝင် ပန်းတစ်မျိုးဖြစ်သည်။ ယင်းအပြင် သဇင်ပန်းသည် ရခိုင်လူမျိုးတို့၏ အမြတ်တနိုး တန်ဖိုးထားသည့် အမှတ်သင်္ကေတ ပန်းတစ်ခုလည်းဖြစ်သည်။ အဆိုပါ တော်ဝင်သဇင်ပန်းကို ဘုရားတင်ရာတွင်လည်းကောင်း၊ ပွဲလန်းသဘင်သွားရာတွင် လည်းကောင်း အမျိုးသမီးများမှာ တန်ဖိုးထားပန်ဆင်ကြသည့် ပန်းမျိုးဖြစ်ကြောင်း သိရသည်။ 

 

တင်ထွန်းဦး၊ ဖြိုးဝေလင်း