ကျောက်ဖြူ အောက်တိုဘာ ၁၆

 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ပင်လယ်ကမ်းခြေ သာယာလှပစေရေးအတွက် ယနေ့ နံနက် ၇ နာရီက ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တို့က အဆိုပါကမ်းခြေတစ်လျှောက် စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေး ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ အကျဉ်းဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် Clean Kyaukphyu  အဖွဲ့များ၊ သန္တာရင်သွေးအဖွဲ့များက ဒီရေတက်ချိန်တွင် မျှောပါလာပြီး ကမ်းခြေတွင် တင်ကျန်ခဲ့သည့် အမှိုက်သရိုက်များနှင့် ပြည်သူများစွန့်ပစ်ထားရှိသည့် အမှိုက်များကို အမှိုက်အိတ်များထဲသို့ကာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်သိမ်းကားဖြင့် သတ်မှတ်နေရာများသို့ စနစ်တကျ စွန့်ပစ်ပေးခြင်း၊ မီးရှို့ခြင်းများနှင့် သန့်ရှင်းရေး ပြုလုပ်ခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။  ဆက်လက်၍ ဌာနဆိုင်ရာများ၊ တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များအား ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

 

အဆိုပါကမ်းခြေတွင် ပြည်သူများအနေဖြင့် နံနက်စောစောထ လမ်းလျှောက်ခြင်း၊ ကျန်းမာရေး အားကစား လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ ညနေပိုင်းတွင် လူငယ်များ သဲသောင်ပြင် ဘောလုံးအားကစား ပြုလုပ်ခြင်း၊ ရေကူးခြင်း၊ စွန်လွှတ်ခြင်းတို့အပြင် မိသားစုအပန်းဖြေရာ နေရာတစ်ခုလည်းဖြစ်ပြီး အပတ်စဉ် စနေ့တိုင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

သတင်း/ဓာတ်ပုံ-  ဖြိုးဝေလင်း၊ တင်ထွန်းဦး (ပြန်/ဆက်)