ကျောက်ဖြူ ၁ အောက်တိုဘာ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့များ ပူးပေါင်း၍ Stay at Home ကာလအတွင်း ရပ်ကွက်ကျော်လွန်သွားလာသူများနှင့် ပါးစပ်နှာခေါင်းစည်း(Mask) စနစ်တကျတပ်ဆင်မှု မရှိသူများအား ယနေ့ နံနက်ပိုင်းတွင် လမ်းဆုံ၊ လမ်းခွ များတွင် စစ်ဆေးအရေးယူဆောင်ရွက်လျက်ရှိသည်။
အဆိုပါအဖွဲ့သည် မြို့ဝင်/ထွက် ပွိုင့်နေရာ၊ မြေစာရင်းလမ်းခွဆုံ၊ ပြန်/ဆက်လမ်းခွဆုံ ၊ မီးစက်လမ်းခွဆုံ၊ နာရီကွင်းခွဆုံ၊ ကုလဘာတောင်ခွဆုံ၊ မြို့ပေါ်ရပ်ကွက်များသို့ Mobile နည်းဖြင့် လှည့်လည်ကာ ပြည်သူများ ကျန်းမာရေးအသိဖြင့် နေအိမ်ပြင်ပသို့ Stay at Home ကာလအတွင်း လိုက်နာရမည့် စည်းကမ်းများအတိုင်း စည်းကမ်းရှိရှိသွားလာကြစေရန်၊ မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ထွက်ခွာ သွားလာခြင်းမပြုစေရန်၊ ကူးစက်မှု လျော့နည်းလာစေရန်အတွက် မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် တစ်ရက် (၂)ကြိမ် လှည့်လည် စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။
“စည်းကမ်းမလိုက်နာသူ (၄၀)အား ပထမအကြိမ် မြို့နယ်ထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ခံဝန်ကတိရေထိုးစေပြီး ရပ်ကွက်ကျော်လွန်သွားလာ သူများတွင် အပြင်ထွက်ကတ်ပြား မပါလာသူများ၊ ပါးစပ်နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်မှုမရှိသူများ၊ အိမ်ထောင်စုတစ်စုလျှင် (ကျန်းမာရေးကိစ္စမှလွဲ၍) ဈေးဝယ်ထွက်လျှင် တစ်ဦးထက်ပို၍သွားလာ သူများအား ယာယီထိန်းသိမ်းကာ အသိပညာပေး ဟောပြောပြီး၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများ ထံသို့ ပြန်လည်အပ်နှံပေးခဲ့တယ်”ဟု မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မော်ထံမှ သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ခရိုင်မီးသတ် တပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ခရိုင်ပြန်/ဆက်)