ကျောက်ပန်းတောင်း၊ ၉ ဇွန်
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ ကျောက်ပန်းတောင်းစာဖြေဌာနတွင် ၂၀၂၁ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲကို ဇွန် ၇ ရက်မှစတင်၍ မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပလျက်ရှိရာ ဒုတိယနေ့ဖြစ်သော ဇွန် ၈ ရက်တွင် ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း (၇၃)ပါး ဝင်ရောက်ဖြေဆိုတော်မူခဲ့ကြောင်း သိရသည်။
အဆိုပါစာမေးပွဲ၌ ပထမကြီးတန်းကို ရဟန်း (၂)ပါး၊ သာမဏေ (၄)ပါး ပေါင်း (၆)ပါး၊ ပထမလတ်တန်းကို ရဟန်း (၂)ပါး၊ ပထမယ်ငယ်တန်းကို ရဟန်း(၃)ပါး၊ သာမဏေ(၁၆)ပါး ပေါင်း(၉)ပါး၊ အခြေပြုမူလတန်းကို သာမဏေ(၄၃)ပါး သီလရှင်(၃)ပါး ပေါင်း (၄၆)ပါး ဖြေဆိုတော်မူကြရာ စုစုပေါင်း ရဟန်း(၉)ပါး၊ သာမဏေ(၆၁)ပါးနှင့် သီလရှင်(၃)ပါး (၇၃)ပါးဝင်ရောက် ဖြေဆိုတော်မူလျက်ရှိကြကြောင်း သိရသည်။ အဆိုပါစာဖြေဌာနသို့ နယ်မြေခံတပ်နယ်မှူး ဗိုလ်မှူးချုပ်ကျော်ကျော် လာရောက်ဖူးမြော်ကြည်ညိုခဲ့ပြီး ကြီးကြပ်တော်မူကြသည့် ညောင်ဦးခရိုင် သံဃာ့နာယကအဖွဲ့ဆရာတော်ကြီးများနှင့် မြို့နယ်သံဃာ့နာယကအဖွဲ့ ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုခဲ့ကြောင်း သိရသည်။
ဓမ္မာစရိယစာမေးပွဲများနှင့် ပါဠိပထမပြန်စာမေးပွဲဖြေဆိုတော်မူကြသည့် ရဟန်း၊ သာမဏေနှင့် သီလရှင်များ စိတ်အေးချမ်းသာယာစွာ စာဖြေဆိုတော်မူနိုင်ရန်အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနဝန်ထမ်းများနှင့် အကျိုးတော်ဆောင်အဖွဲ့များက လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)


