ကျောက်ပန်းတောင်း   ၂၄  ဇူလိုင် 

 

မန္တလေးလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် လူငယ်ကွန်ရက်အဖွဲ့မှ ဦးဆောင်၍ ကုန်ကျစရိတ်သက်သာပြီး  စွန့်ပစ်ပစ္စည်းများဖြင့် ပြုလုပ်ထားသည့် တန်ဖိုးနည်း ခြေနင်းလက်ဆေးဘေစင်ပြိုင်ပွဲကို ကျေးရွာ(၁၅)ရွာ ပါဝင်ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တန်ဖိုးနည်းလက်ဆေးစင်ပြိုင်ပွဲကို လူထုဦးဆောင်သော ရေပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းပြုပြင်ကာကွယ်စောင့်ရှောက်ရေးနှင့် စွန့်ပစ်ပစ္စည်းများကို စနစ်တကျ ကောင်းမွန်စွာ အသုံးပြုတတ်စေရန်တို့အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်းကို မြို့နယ်လူငယ်ကွန်ရက်အဖွဲ့မှ ကိုဝေလွင်ဦးက ပြောသည်။

 

ပြိုင်ပွဲဝင်ကျေးရွာများမှ တစ်ရွာလျှင် လူငယ်(၁၀)ဦးကို သင်တန်းပေးသွားမည်ဖြစ်ပြီး ထို(၁၀)ဦးမှ နောက်ထပ်ဆင့်ပွား သင်တန်းများပေး၍ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပြီး ပြုလုပ်ပြီးစီးမှုအခြေအနေများကို ကျေးရွာအုပ်ချုပ်ရေးမှူးထံ စာရင်းပြုစုတင်ပြရမည်ဖြစ်၍ ဆုရွေးချယ်ရေးကော်မတီ(၅)ဦးမှ သတ်မှတ်ရက်အတွင်း ဆောင်ရွက်နိုင်မှု ရာခိုင်နှုန်းများသော ကျေးရွာ၊ တီထွင်ကြံဆမှုကောင်းသောကျေးရွာများကို ရွေးချယ်ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်းနှင့် ခြေနင်းလက်ဆေးစင်ကို ကျေးရွာသူ/ရွာသားများမှ ကြွေခွက်ခြေနင်းဘေစင်၊ သံဘေစင် စသည်ဖြင့် မိမိတို့ကြိုက်နှစ်သက်ရာ ပုံစံဖြင့်ပြုလုပ်နိုင်ကြောင်း သိရပြီး ဆုကြေးအဖြစ် ပထမ ဆုငွေကျပ်(၁၀)သိန်း၊ ဒုတိယဆု ငွေကျပ်(၅)သိန်းနှင့် တတိယဆု ငွေကျပ်(၃)သိန်းဖြစ်ကြောင်း သိရသည်။  

 

အဆိုပါ တန်ဖိုးနည်းခြေနင်းလက်ဆေးစင်ပြုလုပ်မှုပြိုင်ပွဲကို ပွေးကျစ်၊ အတာ၊ ထန်းပင်လင့်၊ ဘုရားကြီးကုန်း၊ လက် ပံပျား၊ ပုပ္ပား အစရှိသည့်ကျေးရွာ(၁၅)ရွာမှ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ကျေးရွာလူငယ်များအား သင်တန်းပေးခြင်းကို ဇူလိုင် ၂၄ ရက် မွန်းလွဲပိုင်းမှစတင်၍ ကွင်းဆင်းဆောင်ရွက်နေပြီဖြစ်၍ ပြိုင်ပွဲကာလမှာ ဩဂုတ်လကုန်အထိဖြစ်ကြောင်း သိရသည်။

 

နေအောင်(ပြန်/ဆက်)