ကျောက်ပန်းတောင်း ၁၅ ဖေဖော်ဝါရီ

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ရှိ ကိုယ်ပိုင်အထက်တန်းကျောင်း တစ်ကျောင်းတွင် ကျောင်းသားအချို့ ဖျားနာမှုဖြစ်ပွား၍ ဖေဖော်ဝါရီ ၁၄ ရက် ည ၈နာရီခန့်က ဆေးရုံတက်ရောက် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရပြီး သာမန်ရာသီတုပ်ကွေးအဖျားသာဖြစ်ကြောင်းနှင့် စောင့်ကြပ်ကြည့်ရှုသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

 

ဖေဖော်ဝါရီ ၁၄ ရက်က ကျောင်းသားအချို့ ဖျားနာသည်ဟုဆိုကာ မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန် သွားရောက်ခဲ့ကြပြီး မြို့နယ်ဆရာဝန်ကြီး၏ လမ်းညွှန်မှုဖြင့် အခြားကျောင်းသားများ စစ်ဆေးလိုပါက တစ်ပါတည်း လာရောက်စစ်ဆေးမှု ခံယူနိုင်ကြောင်းပြောသဖြင့် ကျောင်းရှိ ကျောင်းသားကျောင်းသူများအား မိမိတို့ဆန္ဒအရ ကျန်းမာရေးစစ်ဆေးမှု ခံယူနိုင်ကြောင်း အသိပေးခဲ့ရာ ကျောင်းသားကျောင်းသူ (၆၁) ဦးမှ လိုက်ပါ၍ စစ်ဆေးမှုခံယူခဲ့ကြောင်း သိရသည်။

 

5

 

ဤကဲ့သို့ မြို့နယ်ပြည်သူ့ဆေးရုံတွင် ကျောင်းသားများ စစ်ဆေးမှုခံယူသည်ကို လူအချို့မှ ကိုယ်ပိုင်ကျောင်းတစ်ကျောင်းတွင် ကျောင်သားကျောင်းသူများ ဖျားနာနေကြပြီဟု လူမှုကွန်ရက်တွင် သတင်းဖြန့်ဝေခဲ့ကြသဖြင့် မလိုလားအပ်သည့် သတင်းပြန့်နှံ့မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဆေးစစ်ဆေးမှု ခံယူသူများတွင် ကျောင်းသား/ကျောင်းသူ (၃၀)ဦးတွင်သာ အဖျားအနည်းငယ်ရှိ (ကိုယ်အပူချိန် ၁၀၀ ဒီကရီအောက်) သာတွေ့ရှိရပြီး စိုးရိမ်စရာမရှိသည့်အပြင် ယမန်နေ့ညက ဆေးရုံတက်ရောက်နေသည့် အမျိုးသား (၇)ဦး၊ အမျိုးသမီး (၁) ဦး ပေါင်း(၈)ဦးမှာလည်း (၅)ဦးမှာ အဖျားကျ၍ သက်သာလျက်ရှိနေပြီး ကျန် (၃)ဦးမှာ ဆက်လက်ကုသမှု ပေးနေဆဲဖြစ်သည်။ သွေးစစ်ဆေးမှုများ လုပ်ဆောင်ရာတွင် သွေးလွန်တုပ်ကွေးပိုး မတွေ့ရှိရကြောင်း သိရသည်။

 

မြို့နယ်ဆရာဝန်ကြီးဒေါက်တာ မင်းသိမ်း၏ ပြောပြချက်အရ ယခုလိုရာသီအကူးအပြောင်းတွင် ရာသီပေါ်တုပ်ကွေးဖျား ဖြစ်တတ်ကြောင်းနှင့် ယခုရာသီတွင် လေပွေတိုက်ခတ်မှုများ ရှိသည့်အပြင် လေထဲတွင် ဗိုင်းရပ်စ်ပိုးများ လွင့်မြောပါလာတတ်ကြောင်း၊ အဆိုပါ ဗိုင်းရပ်ပိုးများက အသက်ရှုလမ်းကြောင်းမှတစ်ဆင့် လူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်တိုက်ခိုက်မှုကြောင့် ဖျားနာမှုများ ဖြစ်ပွားတတ်ပါကြောင်း၊ ကိုယ်ခံအားကောင်း၍ ကြံ့ခိုင်မှုရှိသည့်သူတွင် မဖြစ်နိုင်သော်လည်း ကိုယ်ခံအားနည်းသူများ၊ အထူးသဖြင့် အိပ်ရေးမဝသူများ၊ အစားအသောက် မမှန်သူများတွင် ကိုယ်ခံအားနည်းသဖြင့် ဖြစ်ပွားတတ်ကြောင်း၊ သို့ဖြစ်၍ စာမေးပွဲနီးလာသော်လည်း ကလေးများကို အိပ်ချိန်မှန်/ စားချိန်မှန်စေခြင်းဖြင့် ကိုယ်ခံအားကောင်းစေရန် ဂရုပြုရန်နှင့် တစ်ကိုယ်ရေးကျန်းမာရေးအတွက် လက်ဆေးခြင်းနှင့် ရေများများသောက်ခြင်းများကို ဆောင်ရွက်စေသင့်ပါကြောင်း ပြောကြားခဲ့သည်။

 

အဆိုပါကျောင်းဖြစ်စဉ်နှင့် ပတ်သက်၍ အခြားကျောင်းများတွင် ထိတ်လန့်မှုမဖြစ်ပွာစေရေးနှင့် ကျန်းမာရေးသတိရှိနေစေရန်  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေကို၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်တုတ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်၊ မြို့နယ်ပညာရေးမှူး ဒေါ်တင်တင်အေးနှင့် ကိုယ်ပိုင်ကျောင်း (၉)ကျောင်းမှ တာဝန်ခံကျောင်းအုပ်များ၊ ဒါရိုက်တာအဖွဲ့ဝင်များအား နံနက်(၁၀)နာရီတွင် မြို့နယ်ပညာရေးမှူးရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဖြစ်စဉ်ဖြစ်ပွားသည့် ကိုယ်ပိုင်အထက်တန်းကျောင်းတွင်လည်း ကျောင်းကျန်းမာရေးမှ တာဝန်ရှိသူများနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့တို့မှ ယာယီဆေးခန်းဖွင့်လှစ်၍ စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှု စစ်ဆေးပေးလျက်ရှိနေကြောင်း သိရသည်။

 

နေအောင်(ပြန်/ဆက်)