ကျောက်ပန်းတောင်း၊ ၈ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ မြို့မစည်ပင်သာယာဈေးကြီးကို၊ ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ကာကွယ်နိုင်စေရေးနှင့် ဒေသတွင်း ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရေးအတွက်၊ ရက်သတ္တ (၁) ပတ်ကြာ ယာယီပိတ်သိမ်းထားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၇ ရက်က မြို့နယ်စည်ပင်သာယာရေးကော်မတီမှ အသိပေး ကြေညာချက် ထုတ်ပြန်ခဲ့ပြီး၊ ဇန်နဝါရီ ၈ ရက်နေ့ နံနက် ၆ နာရီက မြို့တွင်း လှည့်လည်ကြေညာခဲ့ကြောင်း သိရသည်။
အဆိုပါကြေညာချက်တွင် ကျောက်ပန်းတောင်းမြို့နယ် စည်ပင်သာယာအဖွဲ့ပိုင် မြို့မဈေးတွင် ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားသူ တွေ့ရှိရသဖြင့် ပြည်သူလူထုများ၊ ရောဂါကူးစက် ပြန့်ပွားမှု မရှိစေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ၇.၁.၂၀၂၁ ရက်နေ့က ပြုလုပ်သော အစည်းအဝေး ဆုံးဖြတ်ချက်အရ၊ မြို့မဈေးကြီး၊ မြို့မပျံကျဈေး ပတ်ဝန်းကျင် လမ်းများဖြစ်သော အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့လမ်း၊ မြို့မဈေးတန်းလမ်း၊ စေတီကြီးလမ်း၊ ထိန်ကန်လမ်း၊ ကာယဗလလမ်းများနှင့် မြို့မဈေး ပတ်ဝန်းကျင်လမ်းများဖြစ်သော ဗိုလ်ချုပ်လမ်း၊ ရွှေညောင်ပင်လမ်း၊ စခန်းသာလမ်း၊ ရေစင်လမ်း၊ ဝိဓူရလမ်း၊ မင်းမဟော်လမ်း၊ ဉာဏဗလလမ်း၊ ဘောဂဗလလမ်းနှင့် နေဝင်းလမ်းများရှိ ဈေးရောင်းချသူများအားလုံးနှင့် ဆိုင်ခန်းများအား ဇန်နဝါရီ ၈ ရက် မွန်းတည့် ၁၂ နာရီ နောက်ဆုံးထား ဖွင့်လှစ်ရန်နှင့် ဇန်နဝါရီ ၉ ရက်နေ့မှစ၍ ၁၅ ရက်နေ့အထိ ရက်သတ္တ (၁) ပတ်အား ယာယီပိတ်သိမ်းထားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်ဟု ပါရှိသည်။
အဆိုပါ ကြောညာချက်အား လိုက်နာခြင်းမရှိပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရသော်လည်းကောင်း၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေအရသော်လည်းကောင်း အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လိုအပ်ပါက ယာယီပိတ်သိမ်းသည့်ရက်အား ထပ်မံ တိုးမြှင့်သွားမည်ဖြစ်ကြောင်း ပါရှိသည်။
အဆိုပါမြို့မစည်ပင်သာယာဈေးကြီးအတွင်းမှ ခရီးသွားရာဇဝင်မရှိဘဲ အနံ့ပျောက်သူ အချို့၊ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိမှုများ ရှိလာသဖြင့်၊ ဒေသတွင်းကူးစက်မှုကို ကြိုတင်ကာကွယ်တားဆီးသည့်အနေဖြင့် နေ့စဉ်ဈေးရောင်းဈေးဝယ်များဖြင့် အစည်ကားဆုံးဖြစ်သည့် မြို့မစည်ပင်သာယာဈေးကို ယာယီပိတ်သိမ်းသွားရန် လွှတ်တော်ကိုယ်စားလှယ်များပါဝင်သည့် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ် စည်ပင် သာယာရေးကော်မတီတို့ အစည်းအဝေးထိုင် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)


