ကျောက်ပန်းတောင်း ၂၆ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မြို့နယ်မီးသတ် ဦးစီးဌာနမှ တပ်စုအဆင့် ငလျင်ဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့ရှေ့အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဇာတ်တိုက်လေ့ကျင့်မှုတွင် မထင်မှတ်သည့် သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်သော ငလျင်ဘေးအန္တရာယ်ဖြင့် ကြုံတွေ့ရသည့်အခါ အခင်းဖြစ်လျှင်ဖြစ်ချင်း အသင့်စုဖွဲ့ထားသည့် ကျောက်ပန်းတောင်းမြို့နယ်တပ်စုအဆင့် ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များဖြင့် အသင့် နေရာယူခြင်း၊ ရှာဖွေကယ်ဆယ်ခြင်းနှင့် တပ်စုမှူးက တပ်စိပ်ခေါင်းဆောင်များသို့ ရှာဖွေကယ် ဆယ်ရေးဆောင်ရွက်ရန် ASR LEVEL အဆင့်အလိုက် အမိန့်ပေးဆောင်ရွက်ခြင်းနှင့် လူနာများထိခိုက်ဒဏ်ရာရရှိမှု အခြေ အနေ ပေါ်မူတည်၍ တပ်စိပ်ခေါင်းဆောင်မှ အစိမ်းရောင်လူနာ၊ အဝါရောင်လူနာ၊ အနက်ရောက်လူနာ စသည်ဖြင့်အဆင့်ခွဲ၍ ကယ်ဆယ်ရွှေ့ထုတ်ခြင်းများအပြင်၊ အထပ်မြင့် အဆောက်အဦတွင် ပိတ်မိလူနာများအား Hight Working အဖွဲ့၏ ခေတ်မီကြိုးချည်နည်းစနစ်များကို အသုံးပြု၍ လူနာကို အန္တရာယ်ကင်းစွာ ကယ်ထုတ်ခြင်းနည်းစနစ်များကို သရုပ်ပြဆောင်ရွက်ခဲ့ကြပြီး၊ အခန်းတွင်းပိတ်မိလူနာများကို ကယ်ဆယ်နိုင်ရန်အတွက် ခေတ်မီ Hyduralic Tools များကို အသုံးပြု၍ အုတ်နံရံကိုဖောက်ထွက်ခြင်း၊ Lifting bag ကိုအသုံးပြု၍ ပိတ်မိလူနာများအား ကယ်ထုတ်ခြင်းများကို သန္ဓေတပ်ဖွဲ့ဝင် (၁၈) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၇) ဦး စုစုပေါင်းတပ်ဖွဲ့ဝင် (၃၅) ဦးတို့က၊ ကိုယ်စီတာဝန်အလိုက် စနစ်တကျဖြင့် ဟန်ချက်ညီညီ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ တပ်စုအဆင့် ငလျင်ဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ကျောက်ပန်းတောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းကိုကိုနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးတင့်ခိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးဇော်ဌေးနှင့် တာဝန်ရှိသူများ၊ မြို့ရှေ့ အ.ထ.က မှ တာဝန်ခံ ကျောင်းအုပ်ဆရာကြီး ဦးဝင်းနိုင်နှင့်ဆရာ/ဆရာမများ ကျောင်းသားကျောင်းသူများ စုစုပေါင်း (၈၅၀) ဦး တက်ရောက်ကြည့်ရှု ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)


