ကျောက်ပန်းတောင်း ၃၁ ဇူလိုင်

 


မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် သာယာအေးရပ်ကွက်တွင် ဇူလိုင် ၃၁ ရက် မွန်းလွဲ ၂ နာရီခန့်က အိမ်ဝိုင်းခတ်ရန် ဝန်းခြံတိုင်မြေကျင်းတူးရာမှ ဗုံးသီးဟောင်း ၇ လုံးတွေ့ရှိခဲ့ကြောင်းသိရသည်။

 


ကျောက်ပန်းတောင်းမြို့ သာယာအေးရပ်ကွက် နယ်မြေ(၁၃)ရှိ ဗျတ္တလမ်း အိမ်အမှတ်(သ/၆၉၅) ဒေါ်ခင်ဝိုင်း၏နေအိမ် ခြံစည်းရိုးကာရံရန်အတွက် နှစ်ကျပ်ခွဲကျေးရွာနေသူ ဦးငြိမ်းဆန်းဝင်းမှ ဝန်းခြံတိုင်မြေကျင်းတူးနေစဉ် အနက်(၁)ပေခန့် အရောက်၌ စစ်ကျန်လက်ပစ်ဗုံးသီးဟုယူဆရသည့် သံချေးတက်နေသည့် ဗုံးသီးဟောင်း(၇)လုံးကိုတွေ့ရှိခဲ့သဖြင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးညွန့်ဝေထံ သတင်းပေးပို့ခဲ့သည်။ 

 


ထိုမှတစ်ဆင့် အဆိုပါ ဗုံးသီးဟောင်းများတွေ့ရှိရာသို့ ကျောက်ပန်းတောင်းမြို့  မြို့မရဲစခန်းမှူး ဒုတိယရဲမှူး ကျော်မြင့်စိန်နှင့် တပ်ဖွဲ့ဝင်များ၊ သတင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့စိတ်မှူး ရဲအုပ်ဇော်ထွန်းအောင်တို့မှ လာရောက်စစ်ဆေးခဲ့ကြပြီး ဒုရဲမှူး ကျော်မြင့်စိန်နှင့်အဖွဲ့မှ ဗုံးသီးများအား လက်ခံသယ်ဆောင်၍ နယ်မြေခံတပ်နယ်သို့ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

 


နေအောင် (ပြန်/ဆက်)