ကျောက်ပန်းတောင်းမြို့အဝင်တွင် သီတင်းကျွတ်ရုံးပိတ်ရက် ဘုရားဖူးခရီးသွားကားများ ဖြတ်သန်းသွားလာမှုများလျက်ရှိ

ကျောက်ပန်းတောင်း ၁၂ အောက်တိုဘာ

 

သီတင်းကျွတ်အားလပ်ရက်တွင် အစိုးရရုံးများ၊ ကျောင်းများနှင့် ပုဂ္ဂလိကလုပ်ငန်းများမှ ဝန်ထမ်းများ ရက်ရှည်အနားယူခွင့်ရရှိကြသဖြင့် ဘုရားဖူးခြင်းနှင့် အပန်းဖြေခရီးထွက်ခြင်းများဖြင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့ကြီးများတွင် ခရီးသွားပြည်သူများနှင့် စည်ကားနေကြသလို ကားလမ်းများတွင်လည်း ဘုရားဖူးကားများဖြင့် လမ်းပိတ်ဆို့မှုဖြစ်သည်အထိ သွားလာမှုများပြားနေကြရာ၊ ကျောက်ပန်းတောင်းမြို့နယ်တွင်လည်း အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းက မြို့အဝင်တိုးဂိတ်တွင် ဘုရားဖူးကားများ အစီး(၄၀)ခန့် ပိတ်မိလျက်ရှိသည်ကို တွေ့မြင်ရပေသည်။

 

ကျောက်ပန်းတောင်းမြို့သည် သမိုင်းဝင်အဆောင်အဦနှင့် ဘုရားပုထိုးများ လေ့လာစရာနည်းပါးသော်လည်း လမ်းဆုံမြို့တစ်မြို့ဖြစ်သည့်အတွက် ယခုကဲ့သို့ ရက်ရှည်ရုံးပိတ်ရက်များတွင် မြို့ဝင်တိုးဂိတ်နှင့်မြို့တွင်း လမ်းဆုံမီးပွိုင့်များတွင် ယာယီလမ်းပိတ်ဆို့မှုများ ဖြစ်ပွားလေ့ရှိတတ်ပြီး တစ်ကြိမ်လမ်းပိတ်ဆို့မှုဖြစ်တိုင်း ကားအစီး (၃၀/၄၀)ခန့် ပိတ်မိတတ်ကြောင်း သိရသည်။ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် အထက်မြန်မာပြည်ခရီးသွားများ၊ ပြည်နယ်ခရီးသွားများသည် ရက်ရှည်အားလပ်ရက်တိုင်း ပုဂံ/ညောင်ဦး၊ ပခုက္ကူမြို့များနှင့် မကွေးဒေသများသို့ ဘုရားဖူးခရီးထွက်လေ့ရှိကြောင်း၊ ကျောက်ပန်းတောင်းမြို့နယ်မှ ဖြတ်သန်းသွားလာလေ့ရှိကြပြီး ပုဂံ/ညောင်ဦးမှတစ်ဆင့် ပုပ္ပား-တောင်ကလပ်သို့ ဗျတ္တပန်းဆက်လမ်းမှ သွားရောက်လေ့ရှိကြရာ ပုပ္ပားဈေးတန်းနှင့် တောင်ကလပ်သွားကားလမ်းများတွင်လည်း လမ်းပိတ်ဆို့မှုများ နေ့စဉ်ဖြစ်ပေါ်တတ်ကြောင်း သိရသည်။

 

“ကျွန်တော်တို့က ပဲခူးကနေလာကြတာပါ။ ဒီအညာအထက်ပိုင်း ပုဂံ/ညောင်ဦးနဲ့ ပခုက္ကူ-ရေစကြိုအထိ ဘုရားဖူးသွားကြမှာပါ။ အပြန်တော့ မန္တလေးဖက်ကိုလှည့်ပြန်ပြီး စစ်ကိုင်းအထိ သွားဖို့စီစဉ်ထားပါတယ်။ ရက်ရှည်အလုပ်ပိတ်ရက်လေး သွားကြရတာဆိုတော့ လမ်းပိတ်ဆို့မှုဖြစ်တာကတော့ ဒီမှာမှမဟုတ်ပါဘူဗျာ တစ်လမ်းလုံးပါပဲ။ တိုးဂိတ်တွေတိုင်းပိတ်တယ်၊ တစ်ချို့မြို့တွေ လမ်းကျင်းရင်လည်း ပိတ်တာပဲ၊ ဒါပေမဲ့ စိတ်ရှည်ရှည်နဲ့ သွားကြရတာပေါ့ဗျာ” ဟု ပဲခူးမြို့မှ ဘုရားဖူးထွက်လာသည့် Mini Bus ကားဆရာ ဦးတင်လင်းက ပြောသည်။

 

ကျောက်ပန်းတောင်းမြို့တွင် အဝေးပြေးကားဝင်းမရှိသော်လည်း လမ်းမကြီးဖြစ်သော ရန်ကုန်- ပြည်- မန္တလေး လမ်းမကြီးဘေးတွင် အဝေးပြေးကားဂိတ်များ ဖွင့်လှစ်ထားရှိပြီး အဆိုပါကားဂိတ်များ ကားအဝင်/အထွက် ပြုလုပ်ချိန်များတွင် လမ်းပေါ်တွင်သာ ကားကြီးများရပ်နားခြင်း၊ လူနှင့်ကုန်အတင်အချ ပြုလုပ်ခြင်းများကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားတတ်ပြီးသည်။ ခရီးသွားကားများ အချိန်ကြံ့ကြာမှုများလည်း ဖြစ်ပွားတတ်သည့်အပြင် မလိုလားအပ်သည့် ယာဉ်ထိခိုက်မှုများ ဖြစ်ပေါ်နိုင်သဖြင့် ယခုလို ခရီးသွားလာမှုများသည့်အချိန်တွင် ယာဉ်ကြောထိန်းသိမ်းမှုများ လုပ်ဆောင်ပေးရန်လိုအပ်ကြောင်းလည်း မြို့ခံများက ပြောဆိုလျက်ရှိသည်။

 

နေအောင်(ပြန်/ဆက်)