ကျောက်ပန်းတောင်း ၁၉ ဇန်နဝါရီ

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အုံ့မှိုးရိုးကျေးရွာအုပ်စု၊ ကန်နှစ်ဆင့်ကျေးရွာ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲကို ဇန်နဝါရီ ၁၈ ရက် ညနေ ၅ နာရီခွဲက အဆိုပါကျေးရွာရှိ လျှပ်စစ်ထရန်စဖော်မာအနီး ယာယီမဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

 

aadffd

 

အခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်တုတ်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဆွေဦးတို့က အဖွင့်အမှာစကား ပြောကြားကြပြီး မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ခေတ္တဥက္ကဋ္ဌ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ဝင်းနိုင်က ကျေးရွာလူထု၏ စည်းလုံးညီညွတ်မှုကြောင့် လျှပ်စစ်မီးအလင်းရောင်ကို ရရှိကြတော့မှာဖြစ်သည့်အတွက် ချီးကျူးဂုဏ်ပြုပါကြောင်းနှင့် ကျေးရွာဖွံ့ဖြိုးရေးအတွက် ယခုကဲ့သို့ပင် စည်းလုံးညီညွတ်စွာ ဆောင်ရွက်သွားကြပါရန် ဆွေးနွေးပြောကြားသည်။

 

ဆက်လက်၍ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးစိုးမြင့်က လျှပ်စစ်အကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ လျှပ်စစ်ကျွမ်းကျင်(၂) ဦးမြင့်ဝင်းက လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး သတိပြုရမည့် လုပ်ငန်းစဉ်များနှင့် လိုက်နာရမည့် အချက်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပြီး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြသည်။ ယင်းနောက်  အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်တုတ်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဆွေဦးတို့က ထရန်စဖော်မာ မိန်းခလုတ်ကိုတင်၍ ကျေးရွာသို့ လျှပ်စစ်မီးစတင်ပို့လွှတ်ပေးရာ ဒေသခံပြည်သူများက ဝမ်းမြောက်စွာ ကခုန်ပျော်မြူးခဲ့ကြသည်။

 

ကန်နှစ်ဆင့်ကျေးရွာသည် အိမ်ခြေ ၁၀၇ အိမ်ရှိ၍ လူဦးရေ ၈၀၀ ကျော်ရှိရာ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်မီးရရှိမှုကြောင့် တစ်ပိုင်တစ်နိုင် အိမ်တွင်းမှုလုပ်ငန်းများ ဆောင်ရွက်လာနိုင်ကြတော့မည့်အပြင် ပညာရေး၊ ကျန်းမာရေး အစရှိသည့် ကျေးရွာလူနေမှု အဆင့်အတန်းလည်း မြင့်မာလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာနှင့် မြို့နယ်လျှပ်စစ်ရုံးမှ တာဝန်ရှိသူများ၊ ကုမ္ပဏီတာဝန်ရှိသူများ၊ ကျေးရွာပြည်သူများ စုစုပေါင်း ၁၅၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

နေအောင်(ပြန်/ဆက်)