ကျောက်ပန်းတောင်း   ၁၅  ဇွန်

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် သဲဗုမ္မကျေးရွာအုပ်စု၊ အိုးအိုင်ကျေးရွာတွင် ဇွန် ၁၄ ရက် ည(၁၀)နာရီခန့်က လူသတ်မှုဖြစ်ပွားပြီး ပြစ်မှုကျူးလွန်သူအား နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

အမှုဖြစ်စဉ်မှာ အိုးအိုင်ကျေးရွာနေ ဒေါ်လှဝင်းရီ(၄၂)နှစ်သည် သမီးများဖြစ်သည့်  မချောစုမွန်၊ မမျိုး မြတ်စံတို့နှင့် အတူ၊ နေအိမ်မြောက်ဘက်တစ်ဝိုင်းကျော်ရှိ ကိုရဲမင်းသန့်၏ နေအိမ်သို့ တီဗီကြည့်ရန် ထွက်ခွာလာစဉ် ၎င်း၏ခင်ပွန်းဖြစ်သူ ဦးထွန်းထွန်း(၄၂)နှစ် လက်သမားလုပ်ကိုင်သူမှာ နေအိမ်မီးများပိတ်၍ အိမ်၏အရှေ့ဘက် အဖီအောင်တွင်ရှိသည့် သစ်သားတန်းလျားခုံပေါ်တွင် အိပ်လျက်ကျန်ရှိခဲ့ကြောင်း၊ ဒေါ်လှဝင်းရီနှင့်သမီးများသည် ည ၁၀ နာရီခန့်တွင် နေအိမ်သို့ ပြန်လည်ရောက်ရှိပြီး သမီးငယ်ဖြစ်သူ မမျိုးမြတ်စံက မီးဖွင့်လိုက်ရာ ဖခင်ဖြစ်သူ ဦးထွန်းထွန်းမှာ လည်ပင်းခုတ်ပိုင်း ဒဏ်ရာ(၁)ချက်၊ ယာပါး ပြတ်ရှ ဒဏ်ရာ(၁)ချက်ဖြင့် ခုံတန်းလျားအောက်တွင် လဲကျသေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် ဒေါ်လှဝင်းရီက အရေးယူပေးပါရန် ကျောက်ပန်းတောင်း မြို့မ ရဲစခန်းသို့တိုင်တန်းခဲ့သည်။

 

မြို့မရဲစခန်းမှ အမှုစစ် ဒုတိယရဲမှူးခင်မောင်ထွေးနှင့် အဖွဲ့သည် အခင်းဖြစ်ပွားရာကျေးရွာသို့ သွားရောက်စုံစမ်းစစ်ဆေးခဲ့ပြီး၊ အခင်းဖြစ် ပတ်ဝန်းကျင်တွင် မသင်္ကာဖွယ်တွေ့ရှိသည့် သေဆုံးသူ ဦးထွန်းထွန်း၏ ယောက်ဖတော်စပ်သူ မောင်မောင် အိုးအိုင်ကျေးရွာနေသူအား ခေါ်ယူစစ်ဆေးခဲ့ရာ၊ ၎င်းမှ သေဆုံးသူအား အသင့်ယူဆောင်လာသည့်  တူနှင့်(၂)ချက်ထု၍ မြေပြင်ပေါ်သို့လဲ ကျသွားစဉ် အရိုး(၁၀)လက်မခန့်၊ အသွား(၁၂)လက်မ၊ ဗျက်(၂)လက်မခွဲခန့်ရှိ ရှမ်းဓါးမနှင့် လည်ပင်းအားလှီးခဲ့ခြင်းဖြစ်သည်ဟု သက်သေခံဓါးအားပေးအပ်၍ ပြစ်မှုကျုးလွန်ခဲ့ကြောင်းကို ဝန်ခံထွက်ဆိုခဲ့ ကြောင်းသိရသည်။

 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍  လူသတ်မှုကျူးလွန်ခဲ့သူ မောင်မောင် အိုးအိုင်ကျေးရွာနေသူအား အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

နေအောင်(ပြန်/ဆက်)