ကျောက်ပန်းတောင်း ၃ ဩဂုတ်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးဦးကာလအစ၌ မိုးကောင်းစွာရွာသွန်းခဲ့သဖြင့် တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများ ကောင်းစွာဆောင်ရွက်နိုင်ခဲ့ကြသော်လည်း မိုးလယ်ကာလတွင် တစ်လကျော်ခန့် မိုးပြတ်သွားသဖြင့် သီးနှံရရှိမှုနည်းပါးခဲ့ကြောင်း သိရသည်။ သို့ရာတွင် သီးနှံအကြိုက် မဟုတ်သော်လည်း ပေါင်းမြက်များ ရှင်သန်အောင် မိုးရွာသွန်းမှုရှိခဲ့သဖြင့် အခြားမြို့နယ်များရှိ နှစ်လကျော်ခန့် မိုးရွာသွန်းမှုမရှိသော ကျေးရွာများမှ နွားစာအတွက် လာရောက်ရိတ်ယူနေကြရကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်သို့ နွားစာမြက် လာရောက်ရိတ်ယူနေကြသည့် ကျေးရွာများမှာ ဇူလိုင်နောက်ဆုံးပတ်မှ စတင်၍ ချောက်၊ ရေနံချောင်း၊ ညောင်ဦးမြို့နယ်များမှ လာရောက်ကြလေ့ရှိကြောင်း သိရပြီး ၎င်းကျေးရွာများတွင် မိုးဦးကာလ တစ်မိုးခန့်သာ ရရှိခဲ့ကြသော်လည်း စိုက်ပျိုးရေးအတွက်ပင် အဆင်မပြေနိုင်ခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ဘက်မှာက ကဆုန်လဆန်းကတစ်ကြိမ်ပဲ ရွာခဲ့တာဗျ။ ဒါတောင်နှစ်တိုင်းလို သည်းသည်းမည်းမည်း ရွာတာမျိုးမဟုတ်ဘူး၊ သုံးရက်လောက် မိုးဆွေလိုက်လို့သာ ရေစည် ၅ စည်၊ ၆ စည်လောက်ရတာ။ ဒါပေမဲ့ စိုက်ရမဲ့အချိန်ဆိုတော့လည်း စိုက်ခဲ့ကြတာပေါ့ဗျာ။ လပြည့်ရက်မှာ တစ်ခါရွာတယ်၊ ၄/၅ စည်လောက်ရတယ်၊ ဟုတ်မလားလို့ဟာ နောက်တော့ မိုးကပြတ်သွားရော၊ အဲဒီနောက်ပိုင်း ခုထိကိုမရွာတော့တာဗျ။ တချို့ဆို နှစ်ခါပြန်တောင်ကြဲကြတယ်၊ ဒါပေမဲ့ အခြေအနေမကောင်းပါဘူး၊ မိုးမှ မရွာတာ၊ ဘာပဲဖြစ်ဖြစ် လူစာက ချေးငှားပြီးစားလို့ရတယ်ဗျ။ နွားစာက ချေးလို့ငှားလို့မရဘူး။ အားလုံးက သူ့အခက်အခဲနဲ့ သူဆိုတော့ ဒီလိုပဲ ရနိုင်တဲ့နေရာတွေ စုံစမ်းပြီး လိုက်ရိတ်ကြရတာပဲ။ ဒီကျောက်ပန်းတောင်းဘက်က မိုးလေးသာတော့ နွားစာပေါနေသေးတော့ တော်သေးတာပေါ့ဗျာ” ဟု ရေနံချောင်းမြို့နယ် စိန်ပန်းပင်ကျေးရွာမှ တောင်သူတစ်ဦးကပြောသည်။
ရေနံချောင်းမြို့နယ်မှ စိန်ပန်းပင်၊ ဝက်ခေါင်း၊ ကန်ရေ၊ ဇီးပင်ရိုး၊ လှည်းအိမ်၊ ဖုံသာ အစရှိသည့် ကျေးရွာများမှ နေ့စဉ် မြက်ရိတ်ထွက်ကြရပြီး လူ ၁၅ ဦး / ၂၀ စုပေါင်းကားငှားကာ တစ်နေကုန် ရသလောက် ရိတ်ယူကြရကြော င်းသိရသည်။ ရရှိလာသည့် မြက်အစိုများကို မြက်ခြောက်နှင့် ရောနှောကျွေးရကြောင်းနှင့် အဆိုပါမြက်ခြောက်များကို ချောက်မြို့နယ်ရှိ ခြောက်တောများတွင် သွားရောက်ရိတ်ကြရကြောင်းလည်း အဆိုပါ တောင်သူမှ ပြောသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၀ ဧပြီ ၂၅ ရက်က မိုးရေချိန် သုည ဒသမ ၃၁ လက်မ စတင်ရွာသွန်းခဲ့ပြီး ဧပြီ ၂၆ ရက်တွင် မိုးရေချိန် ၁ ဒသမ ၉၀ လက်မ ထပ်မံရွာသွန်း၍ မေ ၂၀ ရက်တွင် ရွာသွန်းခဲ့သည့် မိုးနောက်ပိုင်းတွင် မိုးပြတ်သွားခဲ့ကြောင်း၊ ရွာသွန်းသော်လည်း သီးနှံပင်အကြိုက် မိုးရေမရရှိဘဲ နွားစာမြက်ရှင်သန်အောင်သာ ရွာသွန်းခဲ့သဖြင့် သီးနှံအထွက် မကောင်းခဲ့သော်လည်း နွားစာခက်ခဲမှုမရှိသဖြင့် အဆိုပါဒေသများမှ လာရောက်ရိတ်ယူကြသူများအတွက် အဆင်ပြေလျက်ရှိနေကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)
