ကျောက်ပန်းတောင်း  ၂၅  မေ

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် လူငယ်ရေးရာကော်မတီမှ ကိုဗစ်-၁၉ ကာလ လက်လုပ်လက်စား မိသားစုများ စားသောက်ရေးခက်ခဲမှု မဖြစ်ပေါ်စေရန်အတွက် စားသောက်ကုန်များ ထောက်ပံ့လှူဒါန်းခြင်းကို  ယနေ့ နံနက် ၁၁ နာရီက ကျောက်ပန်းတောင်းမြို့နယ် စံကြောကျေးရွာတွင် ပေးအပ်ခဲ့သည်။

 

ထိုသို့လှူဒါန်းရာတွင် ညောင်ဦးခရိုင် လူငယ်ရေးရာ ကော်မတီဝင်များက ကျောက်ပန်းတောင်းမြို့နယ် အတွင်း ရပ်ကွက်များနှင့် ကျေးရွာများတွင် စားသောက်ရေးခက်ခဲနေသည့် လက်လုပ်လက်စား မိသားစုများအတွက်၊ မြို့မိမြို့ဖများထံမှ အလှူခံရရှိသည့် ဆန်၊ ဆီ၊ ဆား၊ ငြုပ်၊ ကြက်သွန်၊ ငံပြာရည်နှင့် အခြားကုန်စိမ်း သီးနှံများဖြစ်သည့် ပန်းဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ မုန်လာထုပ် အစရှိသည်များကို ကျေးရွာတာဝန်ရှိသူများနှင့် ဆက်သွယ်၍ လှူဒါန်းလျက်ရှိရာ ယနေ့တွင် စံကြောကျေးရွာရှိ အိမ်ထောင်စု ၁၈၅ စုလုံးအတွက် မုန်လာထုပ်၊ ခေါက်ဆွဲခြောက်ထုပ်နှင့် ငံပြာရည်များ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အဆိုပါ လူငယ်ကော်မတီအဖွဲ့အနေဖြင့် (၂) လတာကာလအတွင်း ရပ်ကွက်(၁၂)ရက်ကွက်နှင့် ကျေးရွာပေါင်း (၁၀၀)ကျော်မှ အိမ်ထောင်စုပေါင်း (၄၈၀၀)ကျော်အား စားသောက်ကုန်များ လှူဒါန်းခဲ့ပြီးဖြစ်ကာ ယနေ့ညနေပိုင်းတွင်လည်း ကျောက်ပန်းတောင်းမြို့ သီရိမင်္ဂလာရပ်ကွက်ရှိ လက်လုပ်လက်စား မိသားစုများထံ ဆက်လက်၍ လှူဒါန်းသွားမည်ဖြစ်ကြောင်း အဖွဲ့ဝင် ကိုဆန်းလင်းအောင်က ပြောသည်။

 

နေအောင်(ပြန်/ဆက်)