ကျောက်ပန်းတောင်း ၂၇ မေ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့ပေါ်ရှိဆီးချို၊ သွေးချိုနှင့်သွေးတိုးဝေဒနာရှင်များအား၊ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးလျှက်ရှိရာ၊ မေ(၂၇)ရက်က ကျန်းမာရေး စစ်ဆေးခြင်းနှင့် လိုအပ်သည့် ဆေးဝါးများ ထောက်ပံ့ပေးနေမှုကို၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ လာရောက် ကြည့်ရှုအားပေးခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်အသီးသီးရှိ ဆီးချို၊ သွေးချိုနှင့် သွေးတိုးဝေဒနာရှင်များကို မြို့နယ်ဆရာဝန်ကြီး၏ အစီအစဉ်ဖြင့်၊ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ကျန်းမာရေး စစ်ဆေးခြင်း၊ လိုအပ်သည့် ဆေးဝါးများ ထောက်ပံ့ပေးခြင်းများကို အခမဲ့ ဆောင်ရွက် ပေးလျှက်ရှိပြီး ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းလုပ်ဆောင်ရာတွင် စစ်ဆေးစရာ လိုအပ်သူများကို ကိုယ်တိုင်လာရောက်စေပြီး စစ်ဆေးခံစရာမလိုသည့် ကိုယ်တိုင် မလာရောက်နိုင်သော လူနာများကိုယ်စား၊ တတ်သိနားလည်သူများကို လာရောက်စေကာ၊ မြို့နယ်ဆရာဝန်ကြီး၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးမှူးအဆင့် (၁)ဦးလှဟန်နှင့်ကျန်းမာရေးဝန်ထမ်းများက ဆေးဝါးများ အခမဲ့ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကျန်းမာရေး စောင့်ရှောက်မှုအတွက်၊ ဆေးဝါးများကို မြို့နယ်ပြည်သူ့ဆေးရုံမှ အခမဲ့ ထောက်ပံ့ခြင်းဖြစ်ပြီး အချို့လိုအပ်သည့်ဆေးဝါးများကို မြို့ပေါ်ရှိအလှူရှင်များထံမှ အလှူခံ ဆောင်ရွက်ရခြင်းများရှိကြောင်း မြို့နယ်ကျန်းမာရေးမှူးအဆင့်(၁) ဦးလှဟန်က ပြောသည်။
နေအောင်(ပြန်/ဆက်)


