ကျောက်ပန်းတောင်း ၉ ဧပြီ
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည်နှင့် ပုပ္ပားတောင်မကြီးကာရှိ မာလကာခြံစိုက်တောင်သူများ ပင်စည်ရိုးပိုးဝင်ခြင်းကြောင့် မာလကာသီးခြံအများစု ပျက်စီးကုန်ကြောင်း ညောင်ဖြူပင်ကျေးရွာ မာလကာခြံစိုက်တောင်သူ ဦးထိုက်ထံမှ သိရသည်။
ပုပ္ပားတောင် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် နတ်ကန်လည်ကျေးရွာ၊ ဆည်ပေါက်ကျေးရွာ၊ ညောင်ကန်ကျေးရွာ၊ ပုပ္ပားကျေးရွာနှင့်ဆည်၊ စီးမကျေးရွာများ၊ ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် ဂွေးကုန်း၊ ရွာသစ်၊ လက်ပံအိုင့်၊ လဲဂွ၊ ညောင်ဖြူပင်၊ ဆပ်ပြာကျင်းကျေးရွာများသည် မာလကာခြံစိုက်ပျိုးသည့် ကျေးရွာများဖြစ်ကြကာ မြေအောက်ရေ တူးဖော်ပြီး စီးပွားဖြစ် မာလကာခြံလုပ်ငန်း အများစုလုပ်ကိုင်ကြသည့် ကျေးရွာများဖြစ်ကြောင်း သိရသည်။ မာလကာပင်သည် နှစ်ရှည်သီးနှံပင်အမျိုးအစားထဲတွင် ပါဝင်ကာ အခြားသီးနှံများလည်း စိုက်ပျိုးကြသည့် အရပ်ဒေသဖြစ်ကြောင်း၊ တစ်နှစ်ပတ်လုံး ဥယျာဉ်ခြံမြေနှင့် ဟင်းသီးဟင်းရွက်အမျိုးမျိုးကိုလည်း ဆယ့်နှစ်ရာသီပတ်လုံး စိုက်ပျိုးကြသည့်ကျေးရွာများဖြစ်ကြောင်း သိရသည်။
မာလကာခြံစိုက်ပျိုးကြရာတွင် ခြောက်လမာလကာပင်များအား ပျိုးပင်ရောင်းချသည့် ဆည်ပေါက်ကျေးရွာမှ ဝယ်ယူစိုက်ပျိုးခြင်း၊ ကိုယ်တိုင်ပျိုးထောင်းကာ စိုက်ပျိုးခြင်းများဖြင့် စိုက်ပျိုးကြပြီး အစေ့မဲ့မာလကာနှင့် ခြောက်လမာလကာသာ အဓိကစိုက်ပျိုးကြကြောင်း၊ ခြောက်လမာလကာဟု ခေါ်ဆိုသော်လည်း တစ်နှစ်ကျော်မှသာ စတင်အပွင့်ပွင့်ကာ ရောင်းတန်းဝင်အသီးသီးကြောင်း သိရသည်။ မာလကာခြံစိုက်ကြရာတွင် ငါးပေပတ်လည်စိုက်ပျိုးကြခြင်းနှင့် ခြောက်ပေပတ်လည် စိုက်ပျိုးကြခြင်း တစ်ဦးနှင့် တစ်ဦးမတူညီကြောင်း၊ မာလကာပင်များအား ရေမြောင်းစနစ်ဖြင့် ရေပေးသွင်းပြီး တစ်ပတ်တခါ ရေသွင်းကြကြောင်း၊ မာလကာသီး ခူးဆွတ်ရာတွင်လည်း ငါးရက်တစ်ကြိမ်၊ သုံးရက်တစ်ကြိမ် ဆွတ်ခူးကြရပြီး အသီးကင်းများ စတင်သီးချိန်တွင် ပလတ်စတစ်အပျော့အိတ်များဖြင့် လိပ်ပြာစုပ်ခြင်း၊ ပိုးထိုးခြင်းများ ကာကွယ်နိုင်ရန် အိတ်စွပ်ပေးရပြီး အသီးများရင့်ချိန် ဆွတ်ခူးရောင်းချရကြောင်း လဲဂွကျေးရွာ မာလကာခြံပိုင်ရှင် ဦးစာပေါက်က ရှင်းပြသည်။
မာလကာခြံများ အသီးသီးချိန် အလုံးကြီးစေရန် သီးကင်းများအားခြွေချပေးရပြီး ပလတ်စတစ်စွပ်ပေးရကြောင်း၊ မာလကာသီး အသီးသီးလွန်းလျှင် မာလကာပင်သေသွားတတ်ကြောင်း၊ မာလကာခြံအများစု အသီးတအားသီးပြီးလျှင် မာလကာပင် ပင်စည်ရိုးပိုးဝင်ကာ ပျက်စီးသွားတတ်ကြောင်း၊ ယခုနှစ် ဆောင်းရာသီကုန်ဆုံးချိန်တွင် မာလကာခြံအများစု ရိုးပိုးဝင်ကာ မာလကာပင်များသေသွားသည့် ခြံအတော်များကြောင်း၊ မာလကာခြံသက်တမ်း ဆည်နှစ်ရှိပြီး သုံးနှစ်လေးနှစ်လောက်ဖြင့် မာလကာခြံပျက်စီးခြင်းကြောင့် မာလကာခြံစိုက်ပျိုးမှု လျော့ကျလာကြောင်း မာလာကာခြံစိုက်တောင်သူများထံက သိရသည်။
ထွက်ရှိလာသည့် မာလကာ သီးများအား မကွေးမြို့၊ မိတ္ထီလာမြို့၊ ညောင်ဦးမြို့သို့ တင်ပို့ရောင်းချခြင်းနှင့် ကျောက်ပန်းတောင်းမြို့ မြို့မဈေးသို့ ကိုယ်တိုင်သွားရောင်းခြင်း၊ ဖောက်သည်သွင်းခြင်းများဖြင့် ရောင်းချကြပြီး ယခုနှစ်တွင် မာလကာခြံများ ပင်စည်ရိုးပိုးဝင်ခြင်း၊ အသီးများပြီး သေခြင်းများကြောင့် မာလကာစိုက်ခြံ စိုက်ပျိုးမှုနည်းလာကြောင်း သိရသည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)


