ကျောက်ပန်းတောင်း ၁၁ ဇွန်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မဲတီး ကျေးရွာအုပ်စု၊ ပွဲခင်းကျေးရွာပြည်သူများ ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်မှုဖြင့် ပင်းချောင်းကို ဖြတ်သန်းဖောက်လုပ်ထားသော ပွဲခင်း-ရွှေဘို ထန်းလုံးတံတားနှင့် ပွဲခင်း-ပွေးကျစ် ကျေးရွာချင်းဆက်လမ်းဖွင့်ပွဲအခမ်းအနားကို၊ ယနေ့ နံနက် ၈ နာရီခွဲခန့်က အဆိုပါ ထန်းလုံး တံတားထိပ်တွင် ကျင်းပခဲ့သည်။
ပင်းချောင်ဖြတ် ပွဲခင်း-ရွှေဘိုထန်းလုံးတံတားကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်တင်ယုမေနှင့် မဲတီးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးရဲစိန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများက ထန်းလုံးတံတားပေါ်သို့ဖြတ်သန်းကြည့်ရှုကြသည်။ ယင်းနောက် ယာယီမဏ္ဍပ်တွင် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းကိုကိုက ဂုဏ်ပြု အမှာစကား ပြောကြားသည်။ ဆက်လက်၍ မဲတီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးရဲစိန်က မိမိတို့ကျေးရွာဒေသခံပြည်သူများ၏ စည်းလုံးညီညွတ်မှုစွမ်းအားကြောင့် ယခုလို တံတားနှင့်လမ်းကြီး ပြီးမြောက်အောင်မြင်ခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်းနှင့် ဆက်လက်၍ ဒေသဖွံဖြိုးရေးလုပ်ငန်းများကို ယခုလိုပင်စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်သွားကြစေလိုပါကြောင်း ပြောကြားပြီး၊ ကျေးရွာရပ်မိရပ်ဖဖြစ်သူ ဦးဖိုးအေးက ကျေးဇူးတင်စကားပြောကြားသည်။ ယင်းနောက် လမ်းနှင့် တံတားဖြစ်မြောက်ရေး အကျိုးတော်ဆောင် ဦးလှမြင့်က အလှူခံရရှိငွေနှင့် ကုန်ကျငွေစာရင်းများကို ရှင်းလင်းတင်ပြခဲ့သည်။
အဆိုပါ ပင်းချောင်းဖြတ် ထန်းလုံးတံတားမှာ အရှည်(၂၂၇)ပေရှိ၍ အကျယ်(၁၃)ပေ ရှိကြောင်းသိရပြီး၊ စုစုပေါင်း ကုန်ကျငွေကျပ်သိန်း(၇၀)ဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၉ ရက်မှ စတင်ဆောင်ရွက်ခဲ့ပြီး၊ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် ပြီးစီးခဲ့ကြောင်းသိရသည်။ ယင်းနောက် ကျေးရွာချင်းဆက်လမ်းအား အလှူခံရရှိငွေများဖြင့် ကိုယ်အားကိုယ် ကိုးဆက်လက်ဆောင်ရွက်ခဲ့ရာ၊ မကွေးမြို့ဇာတိဖြစ်သူ ဦးဝင်းနိုင်ထွန်း(စင်္ကာပူ)၏ ပံ့ပိုးမတည်မှုတို့ဖြင့် လမ်းအရှည် ထန်းလုံးတံတားထိပ်မှ ပွေးကျစ်ကျေး ရွာအထိ (၃မိုင် ၃ဖာလုံ)နှင့် လမ်းအကျယ်(၁၈)ရှိ လမ်းကို ၂၀၁၉ ခုနှစ် မတ်လ ၁၆ တွင် စတင်ဆောင်ရွက်ခဲ့ကြပြီး ၂၀၁၉ ခုနှစ် ဧပြီ ၂၇ ပြီးစီးခဲ့ကြောင်းသိရပြီး၊ စုစုပေါင်းကုန်ကျငွေ (၂၄၂)သိန်းဖြစ်ကြောင်း သိရသည်။ အဆိုပါ တံတားနှင့် လမ်းဖောက်လုပ်နိုင်ခဲ့ခြင်းကြောင့် ကျောက်ပန်းတောင်းမြို့နယ်တွင်သာမက နတ်မောက်မြို့နယ်မှ ကျေးရွာပြည်သူများပါ ကုန်သွယ်စီးပွားလုပ်ငန်းများ ပိုမိုလွယ်ကူလျင်မြန်စွာ လုပ်ဆောင်လာနိုင်မည်ဖြစ်ကြောင်းနှင့် ယခင်ထက်ပိုမို ၍ သွားလာမှုလွယ်ကူအဆင်ပြေနိုင်မည်ဖြစ်ကြောင်းကိုလည်း ဒေသခံတစ်ဦးမှပြောပြပါသည်။
အဆိုပါ ကျေးရွာဒေသခံများ ကိုယ်အားကိုယ်ကိုးဆောင်ရွက်ခဲ့ကြသည့် ထန်းလုံးတံတားနှင့် ကျေးရွာချင်းဆက် လမ်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းကိုကို၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ဝင်းနိုင်၊ ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်ယုမေနှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ပွဲခင်းကျေးရွာ၊ ရွှေဘိုကျေးရွာများမှ ရပ်မိရပ်ဖများ၊ ကျေးရွာပြည်သူများ စုစုပေါင်းအင်အား ၁၅၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)