ကျောက်ပန်းတောင်း ဩဂုတ် ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်နေသည့် မြင်းခြံကုန်းကျေးရွာ မြေသားရေကန်တူးဖော်ပြီးစီးမှုကို ဩဂုတ် ၂၀ ရက် နံနက်ပိုင်းက မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် အင်ဂျင်နီယာအဖွဲ့များ ကွင်းဆင်းစစ်ဆေးကြသည်။
သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ၉ ဒသမ ၈ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဒီးဒုတ်ကုန်းကျေးရွာအုပ်စု၊ မြင်းခြံကုန်းကျေးရွာရှိ အလျား ပေ ၁၅၀၊ အနံ ပေ ၁၀၀နှင့် အနက် ၆ ပေရှိ မြေသားရေကန် တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် အင်ဂျင်နီယာအဖွဲ့က ကွင်းဆင်းစစ်ဆေး၍ ကျေးရွာတာဝန်ရှိသူများနှင့် တွေ့ဆုံကာ လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။
အဆိုပါ မြေသားရေးကန် တူးဖော်ခြင်းလုပ်ငန်းကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်နေခြင်းဖြစ်ပြီး လုပ်ငန်းအားလုံး၏ ၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ရာ ရာနှုန်းပြည့် ပြီးစီးပါက မြင်းခြံကုန်းကျေးရွာနေ အိမ်ခြေ ၂၅၇ အိမ်မှ လူဦးရေ ၁၀၉၁ ဦးအတွက် နွေရာသီရေခက်ခဲမှုမရှိစေဘဲ အချိန် ရာသီမရွေး သောက်သုံးရေ ဖူလုံစွာရရှိနိုင်တော့မည်ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
နေအောင်(ပြန်/ဆက်)


