ကျောက်ပန်းတောင်း ၂၀ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၁၉ မိုးရာသီ စိုက်ပျိုး စရိတ် ချေးငွေများပြန်လည်ကောက်ခံလျှက်ရှိရာ၊ ဇန်နဝါရီ(၂၀)ရက်နေ့အထိ စုစုပေါင်းငွေကျပ် သိန်းပေါင်း(၄၇၃၉၁) သိန်း ကောက်ခံရ ရှိထားကြောင်းသိရပြီး၊ ကောက်ခံရရှိမှုရာခိုင်နှုန်းမှာ (၇၅ ဒသမ ၇၆)ရာခိုင်နှုန်းဖြစ်ကြောင်းသိရသည်။

ကျောက်ပန်းတောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၁၉ ခုနှစ် မိုးရာသီဘဏ်ချေးငွေအဖြစ် အစုအဖွဲ့ ပေါင်း (၁၃၆၆၉)ဖွဲ့မှ တောင်သူပေါင်း (၁၃၆၆၉) ဦးတို့အား ၂၀၁၉ခုနှစ် မေလ (၆) ရက်နေ့မှ စတင်ထုတ်ချေးခဲ့ခြင်းဖြစ်ပြီး ချေးငွေအမျိုးအစားများမှာ တစ်ဧကလျှင်ငွေကျပ် (၁၅၀၀၀၀) နှုန်းဖြင့် စပါး ၆၅၀၂ ဧက၊ တစ်ဧကလျှင် ကျပ်(၁၀၀၀၀၀) နှုန်းဖြင့် နှမ်း ၄၀၃၀၆ ဧက ၊ မြေပဲ ၂၂၇၀ ဧက၊ ပဲစဉ်းငုံသီးနှံ ၈၄၂၃ ဧက နှင့်ပဲတီစိမ်းသီးနှံ ၁၇၉၆ တို့အတွက် စုစုပေါင်းချေးငွေကျပ် သိန်းပေါင်း (၆၂၅၄၈)သိန်း ထုတ်ချေးထားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါချေးငွေများကို ပုံမှန်အားဖြင့် သီးနှံပေါ်ချိန်ဖြစ်သည့် နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် စတင်ကောက်ခံလေ့ရှိသော်လည်း အချို့ကျေးရွာအုပ်စုများမှာ ဆောင်းသီးနှံချေးငွေ လာရောက်ထုတ်ချေးချိန်များတွင် မိုးသီးနှံချေးငွေကို တစ်ပါတည်း ပေးဆပ်ခဲ့သည်များရှိသဖြင့် မိုးချေးငွေများကို ဇူလိုင်လမှပင် စတင်၍ ကောက်ခံနိုင်ခဲ့ကြောင်းသိရသည်။
ယနေ့အချိန်ထိ ကောက်ခံရရှိငွေ ကျပ်သိန်းပေါင်း (၄၇၃၉၁) သိန်းရရှိထားပြီး ကောက်ခံရရှိမှု ရာခိုင်နှုန်းမှာ (၇၅ ဒသမ ၇၆)ရာခိုင်နှုန်း ဖြစ်ကြောင်းသိရသည်။
“ ကျွန်တော်တို့ ကျောက်ပန်းတောင်းမြို့အနေနဲ့က ဒီမန္တလေးတိုင်း အတွင်းမှာတော့ မိုးချေးငွေကို နှစ်စဉ်အစောဆုံးအပြေအကြေ ပေးဆပ်နိုင်ခဲ့တဲ့ အစဉ်အလာကောင်းတွေရှိခဲ့ပါတယ်။ ဒီနှစ်မှာလည်း လက်ရှိအခြေအနေတိုင်းဆိုရင် စောစော ပြေကြေသွားနိုင်မယ်ထင်ပါတယ်။ ကျွန်တော်တို့ကလည်း ဇန်နဝါရီလအတွင်း အားလုံးအပြေအကြေ ပေးဆပ်သွားကြဖို့ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတွေနဲ့ ကျေးရွာဘဏ်ကော်မတီတွေကို တိုက်တွန်းနှိုး ဆော်ထားပြီး လည်းဖြစ်ပါတယ်” ဟု ကျောက်ပန်းတောင်း လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မှမြို့နယ်မန်နေဂျာ ဦးဝင်းဌေးဦး ကပြောပြပါသည်။
ကိုနေ(ကျောက်ပန်းတောင်း)