ကျောက်ပန်းတောင်း၊ ဇူလိုင် ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ဇူလိုင် (၁၆) ရက်နေ့ မွန်းလွဲ (၂) နာရီက သံသယလူနာ ကျား (၁၃) ဦးနှင့် မ (၇) ဦးတို့ကို RDT Test Kit ဖြင့် စစ်ဆေးရာ၊ (၁၂) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ပိုးတွေ့လူနာများမှာ အမျိုးသား (၉)ဦး အမျိုးသမီး (၃) ဦးဖြစ်ပြီး အသက် (၇၄) နှစ်အရွယ် အမျိုးသား (၁) ဦးနှင့် အသက် (၄၉) နှစ်အရွယ် အမျိုးသမီး (၁) ဦးတို့မှာ ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးခဲ့သဖြင့် ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ သင်္ဂြိုလ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ၎င်းပိုးတွေ့လူနာ (၁၀) ဦးအနက်မှ ပတ္တမြားစေတီကျောင်းမှ ဆရာတော်အား ၎င်းကျောင်းသီးသန့်ဆောင်တွင် လည်းကောင်း၊ ပုပ္ပားတိုက်နယ်ဆေးရုံတွင် အမျိုးသား (၅) ဦးနှင့် အမျိုးသမီး (၁) ဦး၊ မြို့နယ်ပြည်သူ့ဆေးရုံတွင် အမျိုးသား (၂) ဦး၊ အမျိုးသမီး (၁) ဦးတို့ တက်ရောက်ကုသမှု ခံယူလျက်ရှိကြောင်းနှင့် ၎င်းတို့နှင့် ထိတွေ့ဆက်စပ်ခဲ့သူများကို စုံစမ်းဖော်ထုတ်၍ Quarantine ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ဇူလိုင် ၁၆ ရက်အတွင်း အမျိုးသား (၁) ဦး၊ အမျိုးသမီး (၁) ဦး ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်းနှင့် အမျိုးသား (၂) ဦး၊ အမျိုးသမီး (၁) ဦး သေဆုံးခဲ့ကာ ဆေးရုံတက်လူနာ အမျိုးသား (၅၅) ဦး၊ အမျိုးသမီး (၃၆) ဦး စုစုပေါင်း (၉၁) ဦးရှိကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)