ကျောက်ပန်းတောင်း ဇွန် ၂၆

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ဆုံရွာကျေးရွာအုပ်စု ရိုးခြားကျေးရွာတွင် အရင်းမပျောက် လည်ပတ်ရန်ပုံငွေ စတုတ္ထအကြိမ်ထုတ်ချေးခြင်းကို ဇွန် ၂၅ ရက် မွန်းလွဲ ၂ နာရီက အဆိုပါကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းဝန်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးတင်ကိုလတ်က မြစိမ်းရောင်ကျေးရွာ စီမံကိန်းများ အကောင်ထည်ဖော် ဆောင်ရွက်ပေးနေမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာစေခြင်းဖြင့် ကျေးလက်ဒေသ ဆင်းရဲမှုနှုန်းကိုလျော့ချရန်၊ တိုးပွားလာသော ရန်ပုံငွေဖြင့် ကျေးရွာအတွက် အမှန်တကယ်လိုအပ်သော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို မိမိတို့ကိုယ်တိုင် အကောင်ထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် အဆိုပါနည်းလမ်းများဖြင့် ကျေးရွာပြည်သူများ၏ စွမ်းဆောင်ရည်များ တိုးတက်လာစေရန်တို့အပြင် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါကလည်း စည်းလုံးညီညွတ်စွာဖြင့် တွန်းလှန်တုံ့ပြန်နိုင်ကြစေရန်တို့အတွက် ရည်ရွယ်ဆောင်ရွက်ပေးနေခြင်းဖြစ်ပါကြောင်း ပြောကြားသည်။ ယင်းနောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ခံဝန်ထမ်းများ၊ ကျေးရွာမြစိမ်းရောင်အဖွဲ့လုပ်ငန်း နာယကများနှင့် ကြီးကြပ်မှုကော်မတီဝင်များက ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ကိုင်သူ၊ မွေးမြူရေးလုပ်ကိုင်သူ၊ အရောက်အဝယ်လုပ်ကိုင်သူ၊ အခြားအသက်မွေးဝမ်းကျောင်း လုပ်ငန်းများ လုပ်ကိုင်သူ အသင်းသား/အသင်းသူဦးရေ စုစုပေါင်း(၁၂၂)ဦးတို့ကို ရန်ပုံငွေကျပ်သန်း ၃၇ သန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ စတုတ္ထအကြိမ်ထုတ်ချေးပေးသည့် အခမ်းအနားသို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးတင်ကိုလတ်နှင့် တာဝန်ခံဝန်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ ကျေးရွာမြစိမ်းရောင်အဖွဲ့ နာယကများနှင့် ကြီးကြပ်မှုကော်မတီဝင်များ၊ အသင်းသား/အသင်းသူများ စုစုပေါင်း ၁၃၀ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)