ကျောက်ပန်းတောင်း၊ ဧပြီ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်း ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုမူလငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေနှင့် တိုင်းဒေသကြီးခွင့်ပြုငွေတို့ဖြင့် ကျေးရွာခုနစ်ရွာ၌ သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းက ပြောသည်။
ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ကန်ရဲကျေးရွာ၊ ဘဲများ(စီရင်စု)ကျေးရွာ၊ ကျောင်းစုကျေးရွာ၊ လက်ပံပင်ကျေးရွာ၊ အုံးမှိုရိုးကျေးရွာ၊ ခင်မွန်ကျေးရွာနှင့် ကန်လွန်(တ)ကျေးရွာတို့တွင် စက်ရေတွင်းတူးဖော်ခြင်း (၃)ခု၊ အိမ်သွယ်ရေတိုင်စနစ်ဖြင့် ဆောင်ရွက်မည့်လုပ်ငန်း (၁)ခု စုစုပေါင်း(၄)ခု၊ မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်း (၃)ခုနှင့် ဆက်စပ်လုပ်ငန်းများဖြစ်သည့် ဂါလန် ၂၄၀၀ ဆံ့ အမြင့်တင်ရေစင် တည်ဆောက်ခြင်းလုပ်ငန်းများကို ပြည်ထောင်စုမူလငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေနှင့် တိုင်းဒေသကြီးခွင့်ပြုငွေတို့ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုအခါ လုပ်ငန်းများ စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး တင်ဒါခေါ်ယူခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
အဆိုပါရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ၎င်းကျေးရွာများရှိ အိမ်ခြေ(၁၀၆၃)အိမ်၊ လူဦးရေ(၅၄၇၀)ဦးနှင့် ကျွဲ၊ နွား တိရိစ္ဆာန်များ သောက်သုံးရေးဖူလုံစွာ ရရှိရေးအတွက် အကျိုးပြုနိုင်မည်ဖြစ်ကြောင်း ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းထံမှ သိရသည်။
ကိုပြည့်(ကျေးလက်)