ကျောက်ပန်းတောင်း အောက်တိုဘာ-၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသားကျောင်းသူအားလုံးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinovac) ထိုးနှံပေးသွားမည်ဖြစ်ပြီး၊ ယခုလ ဒုတိယပတ်အတွင်း ထိုးနှံပေးသွားနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်ပြည့်ပြီးသူ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများမှ ကျောင်းသား၊ ကျောင်းသူစာရင်းပြုစုခြင်း၊ ကာကွယ်ဆေးထိုးနှံပေးမည့် စုရပ်နှင့် ကျောင်းများ သတ်မှတ်ခြင်း၊ ဆေးထိုးနှံပေးမည့်အဖွဲ့နှင့် ဌာနအလိုက် ကြီးကြပ်ကွပ်ကဲရေးဆောင်ရွက်ရန်နှင့် လုံခြုံရေး အစီအမံများကို စီမံချက် ရေးဆွဲဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်းနှင့် ယခုလ ဒုတိယပတ်အတွင်း ဆေးထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း၊ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် အလယ်တန်းအဆင့် ကျောင်း (၅၁) ကျောင်းမှ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား(၂၆၅၂)ဦး၊ ကျောင်းသူ(၂၇၁၅)ဦး၊ စုစုပေါင်း(၅၃၆၇)ဦးနှင့် အထက်တန်းဆင့် (၅၄)ကျောင်းမှ ကျောင်းသား(၄၈၇)ဦး၊ ကျောင်းသူ(၆၈၀)ဦး၊ စုစုပေါင်း(၁၁၆၇)ဦး၊ စုစုပေါင်း(၆၅၃၄)ဦး ကာကွယ်ဆေးထိုးနှံရန် လျာထားဆောင်ရွက်ထားရှိကြောင်း သိရပြီး၊ အပြည့်အဝထိုးနှံပေးသွားနိုင်ရေး စီစဉ်ဆောင်ရွက် သွားမည် ဖြစ်ကြောင်းနှင့် အသက်(၁၀) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသည့် ကျောင်းသား၊ ကျောင်းသူများ အတွက် နိုင်ငံသားစိစစ်ရေးကတ်များကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နေ့ချင်းပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)


