ကျောက်ပန်းတောင်း၊ နိုဝင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ အခြေအနေများကြောင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ထိခိုက်မှုများကို ပြန်လည်တုံ့ပြန်ကုစားသည့်အနေဖြင့် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ ဖော်ထုတ်ဆောင်ရွက်နိုင်ရန်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာများအနက် အောက်တိုဘာလဆန်းပိုင်းတွင် အရင်းပြန်လည်ပေးဆပ်ပြီးဖြစ်သော မြစိမ်းရောင်ကျေးရွာစီမံကိန်း (၄၄)ယူနစ်အား ထုတ်ချေးငွေကျပ် ၁၈၆၂ ဒသမ ၀၆ သန်းအား ယခုအခါ ပြန်လည်ထုတ်ချေး ဆောင်ရွက်ပြီးစီးခဲ့သည်။
ထိုကဲသို့ ထုတ်ချေးပေးရာတွင် ချေးယူလိုသူများ၏ လက်ဝယ်သို့ မှန်မှန်ကန်ကန်ရောက်ရှိရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်း၊ တာဝန်ရှိဝန်ထမ်းများနှင့် ကျေးရွာအလိုက် မြစိမ်းရောင်ကော်မတီဝင်များက နေ့စဉ်ကြီးကြပ် လိုက်ပါဆောင်ရွက်ခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ချေးငွေများကို စနစ်တကျထုတ်ချေးပေးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ စီမံကိန်းချေးငွေများဖြင့် မိသားစုဝင်ငွေတိုးဆောင်ရွက်နိုင်ရန် ကျေးရွာ (၄၄)ရွာမှ စိုက်ပျိုးရေးလုပ်ကိုင်သူ (၃၈၅၃)ဦး၊ မွေးမြူရေးလုပ်ကိုင်သူ (၂၁၉၈)ဦး၊ ရေလုပ်ငန်းလုပ်ကိုင်သူ (၂၃)ဦး၊ မီးလင်းရေးလုပ်ကိုင်သူ (၁)ဦး၊ ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်သူ (၁)ဦး၊ အရောင်းအဝယ်လုပ်ကိုင်သူ (၃၄၁)ဦး၊ အသက်မွေးဝမ်းကျောင်းလုပ်ကိုင်သူ (၂၄)ဦး၊ စုစုပေါင်း(၆၄၄၁)ဦးအား အရင်းမပျောက်လည်ပတ်ရန်ပုံ ငွေကျပ် (၁၈၆၂ ဒသမ ၀၆) သန်းကို ငွေကျပ် ၁၀၀ လျှင် အတိုးနှုန်း ပြား ၅၀ ဖြင့် အောက်တိုဘာလ ပထမပတ်မှစ၍ ထုတ်ချေးပေးခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ထုတ်ချေးပေးနိုင်ခဲ့ကြောင်း သိရသည်။
ကိုပြည့်(ကျေးလက်)


