ကျောက်ပန်းတောင်း ၁၁ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၌ ယခုရက်ပိုင်းအတွင်း အနံ့ပျောက်သူများ ပိုမိုများပြားလာပြီး အဆိုပါ အနံ့ပျောက်သူများကို စစ်ဆေးရာတွင်လည်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုများ ရှိလာကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ယခင်ရက်များက အနံ့ပျောက်သူ တစ်ယောက်စ နှစ်ယောက်စသာ ရှိသော်လည်း ဇန်နဝါရီ ၉ ရက်က တစ်ရက်တည်း အနံ့ပျောက်သူ ရှစ်ဦးရှိ၍ ဆေးရုံတက်ရောက်ကုသခဲ့ရသည်။ ယနေ့တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးမှာ အနံ့မရရှိသဖြင့် ဆေးရုံ တက်ရောက်ခဲ့ရသည်။
အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်းတွင် ကန့်သတ်စောင့်ကြည့်စခန်း ဝင်ရောက်နေသူ ၁၇၆ ဦးမှ ဇန်နဝါရီ ၇ ရက်အထိ Swab ယူစစ်ဆေးရန် ကျန်ရှိသူ ၃၅ ဦးအား ယနေ့တွင် RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ အနံ့ပျောက် ပိုးတွေ့ရှိသူနှင့် ထိစပ်ခဲ့သဖြင့် ကန့်သတ်စောင့်ကြည့်စခန်း ဝင်ရောက်နေသည့်မိခင်နှင့်သမီးဖြစ်သူ အသက်တစ်လအရွယ် ကလေးငယ်တို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
သို့ဖြစ်၍ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ သားအမိနှစ်ဦးအား ကျောက်ပန်းတောင်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသဆောင်ရွက်လျက်ရှိကြောင်းနှင့် ထိတွေ့ဆက်စပ်မှုရှိသူများကို စုံစမ်းဖော်ထုတ်၍ Quarantine ထားရှိသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
နေအောင်(ပြန်/ဆက်)


