ကျောက်ပန်းတောင်း   နိုဝင်ဘာ   ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင် ကျေးရွာများဖြစ်သည့် လက်ပံအိုင့်၊ လဲဂွ၊ မုန့်ကုန်း၊ ညောင်ဖြူပင်၊ ကုန်းတဲ၊ ညောင်ချိုင်း၊ ဆပ်ပြာကျင်း၊ မကြီးတိုင်း၊ စည်ပင်သာ၊ အိုးအိုင်၊ ကင်မွန်းခြုံကျေးရွာများသည် ကြက်တူရွေးပဲသီးကို ယခုနှစ် မိုးရာသီတွင် စမ်းသပ်စိုက်ပျိုးကြရာ အပင်ဖြစ်ထွန်းကောင်းမွန် ပြီး အပွင့်ပွင့်နှုန်း၊ အသီးသီးနှုန်း ကောင်းမွန်ခြင်းကြောင့် ကြက်တူရွေးပဲသီးတောင့်များ ဆွတ်ခူးရောင်းချချိန် တစ်ပိဿာ ၁၂၀၀ ကျပ် ရောင်းချနေရကြောင်း လဲဂွကျေးရွာ ကြက်တူရွေးပဲ စိုက်ပျိုးတောင်သူ ဦးတင်ထွန်းအောင်ထံမှ သိရသည်။

ကြက်တူရွေးပဲကို ဝါဆို၊ ဝါခေါင်လတွင် စတင်စိုက်ပျိုးခဲ့ပြီး တိုင်ထောင်စနစ်ဖြင့် စိုက်ပျိုးရကြောင်း၊ အစေ့တိုက်ရိုက်မြေချစနစ်ဖြင့် တစ်စေ့နှင့်တစ်စေ့ တစ်ပေအကွာစိုက်ပျိုးကြကြောင်း၊ သုံးရက်ဖြင့် အပင်ပေါက်ကာ အပင်ပေါက်ပြီး တစ်လခန့်ကြာလျှင် အဖူးအပွင့် စတင်ဖူးပွင့်ပြီး အသီးသီးကြောင်း သိရသည်။ ကြက်တူရွေးပဲကို ပေ ၁၀၀၊ ၅၀ ပတ်လည်စိုက်ပျိုးကွက်တစ်ကွက် တစ်ခါဆွတ်ခူးလျှင် ပိဿာချိန် ၂၅ ပိဿာရရှိပြီး တစ်ပိဿာ ၁၂၀၀ ကျပ် ရောင်းချရခြင်းကြောင့် စမ်းသပ်စိုက်ပျိုး တောင်သူများ ဝင်ငွေတွက်ခြေကိုက်နေကြကြောင်း၊ ပဲသီးရောင်းချချိန်တွင်လည်း မျက်နှာမငယ်ရဘဲ ကုန်စိမ်းပွဲရုံများက ချက်ခြင်းဝယ်ယူကြကြောင်း၊ ပဲသီးဝယ် ပွဲစားများလည်း စိုက်ခင်းအထိလာ ရောက်ဝယ်ယူကြကြောင်း၊ ထွက်ရှိလာသည့် ကြက်တူရွေးပဲသီးများအား ညောင်ဦး၊ မြင်းခြံ၊ တောင်သာ၊ ငါ့သရောက်တို့မှ ပွဲစားများလာရောက်ဝယ်ယူကြကာ ဈေးကွက်သို့ ကိုယ်တိုင်ရောင်းချခြင်းများလည်း ရှိကြောင်းသိရသည်။

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)