ကျောက်ပန်းတောင်း၊ အောက်တိုဘာ ၂၈
မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လှိုင်သာကျေးရွာအုပ်စု၊ မကျီးစုကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေ အဌမအကြိမ်မြောက် ထုတ်ချေးပေးခြင်း အခမ်းအနားကို အောက်တိုဘာ ၂၇ ရက် နံနက် ၁၀ နာရီက အဆိုပါကျေးရွာရှိ ဓမ္မာရုံ၌ ကိုဗစ်-၁၉ ရောဂါ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ထုတ်ချေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းက မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ကျေးလက်နေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာစေခြင်းဖြင့် ကျေးလက်ဒေသ ဆင်းရဲမှုနှုန်းကိုလျှော့ချရန်၊ တိုးပွားလာသော ရန်ပုံငွေဖြင့် ကျေးရွာအတွက် အမှန်တကယ် လိုအပ်သော ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို ကျေးရွာမှ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊ ကျေးလက်လူထု၏ စွမ်းဆောင်ရည် တိုးတက်စေရန်နှင့် မမျှော်မှန်းနိုင်သော ဘေးအန္တရာယ်များ ကျရောက်လာပါက တုံ့ပြန်မှု အားကောင်းသော လူမှုအဖွဲ့အစည်းများ ပေါ်ပေါက်လာစေရန်ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် တာဝန်ခံဝန်ထမ်းများက မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေကော်မတီ နာယက၊ ကြီးကြပ်မှုကော်မတီဝင်များနှင့်အတူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းများ လုပ်ကိုင်ရန် အသင်းသား၊ အသင်းသူ စုစုပေါင်း ၁၄၂ ဦးကို ရန်ပုံငွေ (၄၄ ဒသမ ၆) သန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် တာဝန်ခံဝန်ထမ်းများ၊ မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်များနှင့် အသင်းသား၊ အသင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
ကိုပြည့်(ကျေးလက်)


