ညောင်ဦး  ၂    ဩဂုတ်      


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် အတွင်းရှိ ကျေးလက်နေ တောင်သူများ မိုးဦးနှမ်းစိုက်ပျိုးရာတွင် ကြုံတွေ့ရသည့် နှမ်းရိုးမဲရောဂါနှင့် ပတ်သက်ပြီး ကြိုတင်ကာကွယ်နှိမ်နင်းနိုင်ရန်နှင့် စိုက်ပျိုး နည်းစနစ်များ လေ့လာသိရှိနိုင်ရန်အတွက် ရည်ရွယ်ပြုလုပ်သည့် မိုးသီးနှံ နှမ်းရိုးမဲရောဂါဘက်စုံကာကွယ် နှိမ်နင်းနည်း စမ်းသပ်ကွက် အောင်မြင်ဖြစ်ထွန်းမှု တောင်သူပညာပေးကွင်းသရုပ်ပြပွဲကို ဩဂုတ် ၁ ရက်၊ နံနက် ၈ နာရီက ကျောက်ပန်းတောင်းမြို့နယ် ကြစို့ကျေးရွာရှိ တောင်သူ ဦးစိုးခိုင် ၏ ကွင်းအမှတ် (၂၀ဝ၅ )ရှိ မိုးနှမ်းစိုက်ခင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။


ကွင်းသရုပ်ပြပွဲတွင် ညောင်ဦးခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်သီးနှံပိုးမွှားကာကွယ်ရေးတာဝန်ခံ ဒေါ်ခင်သန်းမြင့် က ကွင်းသရုပ်ပြပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် မိုးသီးနှံစိုက်ပျိုးရာသီတွင် ကျရောက်တတ်သည့် နှမ်းရိုးမဲရောဂါကာကွယ် နှိမ်နည်းစနစ်များ၊ နှမ်းရိုးမဲရောဂါ ကျရောက်မှု လျော့နည်းစေသည့် စိုက်ပျိုးနည်းစနစ်များကို ရှင်းလင်းပြောကြားသည်။  ဆက်လက်၍ ခရိုင်မြေအသုံးချရေးတာဝန်ခံ ဒေါ်စန်းစန်းဝေ က မြေဆီလွှာပျက်စီးမှု လျော့နည်းရေး သဘာဝမြေဩဇာနှင့် သဘာဝ ပိုးသတ်ဆေးများ ပြုလုပ်သုံးစွဲနည်းစနစ်များ၊ နှမ်းရိုးဖြင့် တစ်ပိုင်တစ်နိုင် သဘာဝမြေဆွေး ပြုလုပ်သုံးစွဲ နည်းစနစ်များနှင့် မြေဆီလွှာကောင်းမွန်အောင် ပြုလုပ်နည်းအဆင့်ဆင့်ကို လည်းကောင်း၊ ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်ကြည်ကြည်ဆွေ က သီးနှံအထွက်နှုန်း တိုးတက်ရေးနှင့် နှမ်းရိုးမဲရောဂါ ကျရောက်မှုကင်းဝေး စေရေးအတွက် မျိုးကောင်းမျိုးသန့်ရွေးချယ်စိုက်ပျိုးရန်နည်းစနစ်များ၊ တောင်သူကိုယ်တိုင် တစ်ပိုင်တစ်နိုင် မျိုးကောင်း မျိုးသန့် ရွေးချယ်နည်းနှင့် ထားသိုထိန်းသိမ်းနည်းစနစ်များကို လည်းကောင်း၊ ကျောက်ပန်းတောင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်ခင်အေးအေးမော် က မိုးသီးနှံများစိုက်ပျိုးရာတွင် သီးနှံအထွက်နှုန်းကောင်းမွန်ရေးအတွက် လိုက်နာရမည့် စိုက်ပျိုးနည်းစနစ်နှင့် အချိန်အခါအလိုက် အသုံးပြုရမည့် သွင်းအားစုဓာတ်မြေဩဇာ အချိုးကျသုံးစွဲနည်းစနစ်များကို လည်းကောင်း အသီးသီး ပညာပေးရှင်းလင်း ဆွေးနွေးခဲ့ကြသည်။ 


ထို့နောက် ကွင်းသရုပ်ပြပွဲကို ကျင်းပပြုလုပ်ရာ တက်ရောက်လာသည့် တောင်သူများက စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူပညာပေး စိုက်ပျိုးထားရှိသည့် ကြစို့ကျေးရွာ တောင်သူ ဦးစိုးခိုင် ၏ မိုးနှမ်းရိုးမဲရောဂါဘက်စုံကာကွယ် နှိမ်နင်းနည်းစမ်းသပ်ကွက် စိုက်ခင်းအတွင်း စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား လက်တွေ့ကွင်းဆင်းလေ့လာကြပြီး နှမ်းရိုးမဲရောဂါ အန္တရာယ်ကင်းဝေးစေရေး စမ်းသပ်ကွက်စိုက်နည်းစနစ်များ၊ ရောဂါကာကွယ်နှိမ်နင်းမှုများနှင့် မျိုးကောင်း မျိုးသန့် ရွေးချယ်နည်းစနစ်များကို မေးမြန်းဆွေးနွေးကြရာ ညောင်ဦးခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်(မြေ၊ မျိုး၊ ပိုး) တာဝန်ခံများက ကဏ္ဍအလိုက် ရှင်းလင်းဖြေကြားပေးပြီး ဝန်ထမ်းများအဖွဲ့က တက်ရောက်လာသည့်တောင်သူများကို အထွက်နှုန်းတိုးပွားစေမည့် နှမ်းစိုက်ပျိုးရေးဆိုင်ရာ ပညာပေးလက်ကမ်းစာစောင်များကို လိုက်လံဖြန့်ဝေပေးခဲ့ကြသည်။ 


အဆိုပါ တောင်သူပညာပေး ကွင်းသရုပ်ပြပွဲသို့ ကျောက်ပန်းတောင်းမြို့နယ် ကြစို့ကျေးရွာနှင့် အနီးဝန်းကျင် ကျေးရွာများမှ မိုးနှမ်းစိုက်ပျိုးတောင်သူ ၇၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။  


ရဲဝင်းနိုင် (ညောင်ဦး)