ကျောက်ပန်းတောင်းမြို့နယ်ထွက် ကြက်သွန်နီဈေးနှုန်း သီတင်းကျွတ်လအတွင်း တစ်ပိဿာ ၃၅၀ ကျပ်ထိ ဈေးနှုန်းတက်လာ

ကျောက်ပန်းတောင်း ၂၃ အောက်တိုဘာ 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် အရှေ့ဘက် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်းဒေသထွက် ကြက်သွန်နီများ သီတင်းကျွတ်လအတွင်း ကြက်သွန်နီတစ်ပိဿာ ၃၅၀ ကျပ်ထိ ဈေးနှုန်းတက်ခဲ့ကြောင်း ချိုကြီး ကြက်သွန်ပွဲရုံပိုင်ရှင် ဦးမြင့်ချိုထံမှ သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာများသည် ကြက်သွန်နီအား တောင်သူတိုင်းနီးပါး ကြက်သွန်စိုက်ပျိုးကြကာ နှစ်တစ်လုံး၏အဓိကထွက်ကုန်မှာ ကြက်သွန်နီဖြစ်ကြောင်းနှင့် ကြက်သွန်ဈေးကောင်းသည့်နှစ်တွင် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ရှိကျေးရွာများ အလှူအတန်းပေါများကြကြောင်း မုန့်ကုန်းကျေးရွာ ကြက်သွန်စိုက်တောင်သူ ဦးနေမျိုးထွန်းမှ ပြောပြသည်။

ကြက်သွန်စိုက်ပျိုးရာတွင် ကြက်သွန်ပျိုးစေ့(မျိုးစေ့) ထောင်သည့်အချိန်မှ ကြက်သွန်ပေါ်ပြီး ပြန်ရောင်းချိန်ထိ တစ်နှစ်ကျော်ခန့် အချိန်ယူရကြောင်း သိရသည်။ ကြက်သွန်ပျိုးထောင်ချိန်ဖြစ်သည့် သီတင်းကျွတ်လ၊ တန်ဆောင်မုန်းလတို့တွင် ကြက်သွန်ပျိုးစေ့(မျိုးစေ့)များအား ဘောင်ခတ်ကာ ပျိုးစတင်ထောင်ကြကြောင်း၊ ပျိုးထောင်သက်တမ်း ၄၅ ရက်ကြာလျှင် စိုက်ခင်းအတွင်း ရွေ့ပြောင်းစိုက်ကြရကြောင်း၊ စိုက်ခင်းထဲရွေ့ပြောင်းစိုက်ပျိုးပြီး ရက်ပေါင်း(၁၀၀)ကျော်လျှင် ကြက်သွန်နုတ်သိမ်းပြီး ကြက်သွန်လှောင်စင်များပေါ်တင်ကာ လှောင်ထားကြကြောင်း သိရသည်။ ပေါ်ဦးပေါ်ဖျားကြက်သွန်နီများ ဈေးကောင်းချိန်နှင့်ကြုံပါက နုတ်ပြီးတန်းရောင်းလေ့ရှိပြီး ဈေးမကောင်းပါက လှောင်စင်များတွင် လှောင်ထားလ့ရှိကြောင်း၊ ကြက်သွန်ဈေးတက်သည့်လသည် တော်သလင်းလနှင့် သီတင်းကျွတ်လများတွင် ဈေးပုံမှန်တက်တတ်သော်လည်း သီတင်းကျွတ်လတွင် အမြဲဈေးတက်သောကြောင့် ကြက်သွန်လှောင်သူအများစု သီတင်းကျွတ်လမှာသာ ထုတ်ရောင်းကြကြောင်း သိရသည်။

ကြက်သွန်နီတစ်ပိဿာ ပေါ်ခါစတွင် ငါးရာကျပ်နှင့် ခြောက်ရာကျပ်ကြားသာ ချာချာလည်နေရာမှ တော်သလင်းလတွင် ကြက်သွန်နီဈေးနှုန်း (၇၀၀)ကျပ် ဈေးတက်လာပြီး သီတင်းကျွတ်လတွင် (၁၀၀၀)ကျပ်ထိ တက်လာကြောင်း၊ တစ်လအတွင်း (၃၀၀)ကျပ်ထိ တက်လာခြင်းကြောင့် ကြက်သွန်စိုက်တောင်သူအများစု လှောင်ထားသည့် ကြက်သွန်များ ထုတ်ရောင်းလာကြသူများလာကြောင်း ချိုကြီးကြက်သွန်ပွဲရုံမှ ပြောပြသည်။

ကြက်မောက်တောင်ဆည် ပတ်ဝန်းကျေးရွာများဖြစ်သည့် ကုန်းတဲ၊ ဆပ်ပြာကျင်း၊ ညောင်ဖြူပင်၊ လဲဂွ၊ လက်ပံအိုင့်၊ ကင်မွန်းခြုံ၊ မုန့်ကုန်း၊ အမှတ်() မကျီးတိုင်း၊ အိုးအိုင်၊ စည်ပင်သာ၊ ကိုင်း၊ ညောင်ပင်သာကျေးရွာများနှင့် ကြက်မောက်တောင် ဆည်ရေသောက်ကျေးရွာများသည် ကြက်သွန်စိုက်ပြီး ကိုယ်တိုင်ကြက်သွန်လှောင်စင်များဖြင့် လှောင်ကာ တော်သလင်း၊ သီတင်းကျွတ်လ ဈေးတက်ချိန်မှသာ ထုတ်ရောင်းကြကြောင်း၊ သီတင်းကျွတ်လအတွင်း ကြက်သွန်ဈေး သုံးရာကျော်ထိ တက်လာသောကြောင့် ကိုယ်တိုင်စိုက်ပျိုး ကြက်သွန်လှောင်သူများ ကြက်သွန်နီ ထုတ်ရောင်းနေကြကြောင်း မုန့်ကုန်းကျေးရွာ ဦးနန်းတင်မှပြောပြကာ ကြက်သွန်တစ်ပိဿာ (၁၀၅၀) ကျပ်ဈေးရှိကြောင်းသိ ရသည်။

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)