ကျောက်ပန်းတောင်း ၁၀ မတ်

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကျင်းပမည့် စာစစ်ဌာနများ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် မီးဘေးလုံခြုံရေး ဆိုင်ရာများကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

001

 

ကျောက်ပန်းတောင်းမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်နှင့်အတူ မြို့နယ်ပညာရေးမှူး ဒေါ်တင်တင်အေးနှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဝင်များက မြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပပြုလုပ်မည့် စာစစ်ဌာနဖြစ်သည့် မြို့မကွက်သစ် မူလတန်းလွန်ကျောင်း စာစစ်ဌာနသို့ ရောက်ရှိခဲ့ကြပြီး သက်ဆိုင်ရာ ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လုံခြုံရေးတာဝန်ကျ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လုပ်ငန်းလိုအပ်ချက် အခက်အခဲများ၊ ဖြေဆိုမည့် ကျောင်းသား အရေအတွက်နှင့် ဖြေဆိုရန်ပြင်ဆင်ထားသည့် အခန်းများ၊ စာရေးခုံများ ပြည့်စုံလုံလောက်မှု ရှိ/မရှိနှင့် မီးဘေးလုံခြုံရေးဆိုင်ရာများကို မေးမြန်းဆွေးနွေးကြသည်။ ယင်းနောက် သက်ဆိုင်ရာကြီးကြပ်ရေးမှူး များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး စာဖြေခန်းများ ပြင်ဆင်ထားရှိမှု အခြေအနေနှင့် တစ်ခန်းချင်း ဝင်ဆံ့မှုအခြေအနေများကို လှည့်လည်ကြည့်ရှုကြသည်။ ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြို့နယ်ပညာရေးမှူးနှင့်အတူ လက်ပံပင် အထက်တန်းကျောင်း(ခွဲ)၊ အနော်ရထာအထက်တန်းကျောင်း(ခွဲ)၊ ပုပ္ပားအ.ထ.ကနှင့် ကမ်းဖြူ အ.ထ.ကများသို့ သွားရောက်စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ စာစစ်ဌာနများ လှည့်လည်စစ်ဆေးရာသို့ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်နှင့်အတူ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ထွန်း၊ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးစိုးမြင့်၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးဇော်ဌေးနှင့် မြို့နယ်ပညာရေးမှူး ဒေါ်တင်တင်အေးတို့ လိုက်ပါခဲ့ကြပြီး ယနေ့မွန်းလွဲပိုင်းတွင် ကျန်စာစစ်ဌာနများကို ထပ်မံစစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။

 

နေအောင်(ပြန်/ဆက်)