ကျောက်ပန်းတောင်း ၁၆ မတ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် COVID-19 အဆုတ်ရောင်ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက်၊ ရောဂါကြိုတင်ကာကွယ်ရေး၊ ပြည်သူလူထုသို့ အသိပညာပေးရေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ရန်နှင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် မြို့နယ်စောင့်ကြည့်စစ်ဆေးကုသရေးကြီးကြပ်မှုကော်မတီကို ယနေ့နံနက် ၁၀ နာရီက ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့သည်။

အဆိုပါကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စောင့်ကြည့်စစ်ဆေးကုသရေးကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် COVID-19 ခေါ် အဆုတ်ရောင်ရောဂါကို WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာ့ကပ်ရောဂါ (Pandemic) အဖြစ် သတ်မှတ်ကြေညာခဲ့ပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ မိမိတို့နိုင်ငံ/ မိမိတို့မြို့နယ်အတွင်း ဖြစ်ပွားမှု မရှိသေးသော်လည်း၊ မိမိတို့အနေနှင့် ကြိုတင်ပြင်ဆင်ထားသင့်သည်များကို ကြိုတင်ပြင်ဆင်ထားရမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ရှေးဦးစွာ ဌာနဆိုင်ရာများပူးပေါင်းပါဝင်သည့် မြို့နယ်အဆင့် စောင့်ကြည့်စစ်ဆေး ကုသရေးကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းရခြင်းဖြစ်ပါကြောင်းနှင့် ကော်မတီ၏လုပ်ငန်းတာဝန်များကို သက်ဆိုင်ရာဌာနများက ပူးပေါင်းဆောင်ရွက်သွားကြရမှာဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဆွေဦးက အဆုတ်ရောင်ရောဂါဖြစ်ပွားတတ်သည့် အခြေအနေများနှင့် ဖြစ်ပွားမှုမရှိအောင် ကြိုတင်ဆောင်ရွက်သင့်သည့်အချက်များကို ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူးအဆင့်-၁ ဦးလှဟန်က ကိုရိုနာဗိုင်းရပ်စ် ခေါ် COVID-19 အဆုတ်ရောင်ရောဂါနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ကိုရိုနာဗိုင်းရပ်၏ သဘောသဘာဝနှင့် ကူးဆက်ပြန့်ပွားမှုအခြေအနေများ၊ ရောဂါဖြစ်ပွားလာပါက ဖြစ်ပေါ်တတ်သည့် လက္ခဏာများနှင့် ကူးဆက်မှုမခံရအောင် ဆောင်ရွက်သင့်သည့်လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။ ယင်း နောက် မြို့နယ်ကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးက နိဂုံးချုပ်အမှာစကားပြောကြားပြီး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

အဆိုပါ မြို့နယ်စောင့်ကြည့်စစ်ဆေးကုသရေးကြီးကြပ်မှုကော်မတီ တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ ကျောက်ပန်းတောင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဆွေဦး၊ မြို့နယ်စောင့်ကြည့်စစ်ဆေးကုသရေး ကြီးကြပ်မှုကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်နှင့် ကော်မတီဝင် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ စုစုပေါင်းအင်အား(၂၃၀) တက်ရောက်ခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)