ကျောက်ပန်းတောင်း ၂၅ ဧပြီ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်း မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိစေရေးနှင့် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက်၊ တမ္ပဝတီဈေးသစ်ကြီး တွင် ပျံကျဈေးသည်များအား စနစ်တကျ နေရာချထားပေးလျှက်ရှိကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့တွင် မြို့မစည်ပင်သာယာဈေးနှင့် တမ္ပဝတီဈေးသစ်ဟူ၍ ဈေးနှစ်ဈေးရှိသည့် အနက် ယခင်က မြို့မစည်ပင်သာယာဈေးကြီးအနီးတွင်သာ ပျံကျဈေးသည်များစုပြုံ ရောင်းချလေ့ရှိကြပြီး၊ တမ္ပဝတီဈေးသစ်တွင် နေရာထိုင်ခင်းအဆင်ပြေသော်လည်း လာရောက်ရောင်းချမှု နည်းပါးကြောင်း သိရသည်။
ယခုအခါ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါဖြစ်ပွားမှုမရှိစေရေးနှင့် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာ ကော်မတီက အနီးကပ်ကြီးကြပ်၍ မြို့မပျံကျဈေးသည်များအား တမ္ပဝတီဈေး သစ်ကြီး တွင် (၆)ပေခြားစီနေရာသတ်မှတ်ပြီး၊ စနစ်တကျ နေရာချထားပေးခြင်း၊နှာခေါင်းစည်း (mask) တပ်ဆင်ရောင်းချစေခြင်းများ စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့စီစဉ်ဆောင်ရွက်ရာတွင် ပျံကျဈေး သည်များ အမိုးအကာရရှိစေရန်အတွက် COVID-19 VOLUNTEER (Kyaukpadaung)မှ ထီး(၁၀)လက်နှင့် Mytel Business Centre (Kyaukpadaung) မှ ထီးအလက်(၈၀) ပံ့ပိုးလှူဒါန်းခဲ့ရာ၊ ယခုအခါ ပျံကျဈေးသည်စုစုပေါင်း(၃၀ဝ)ခန့် မှာ အမိုးအကာ များ ဖြင့် စနစ်တကျ ရောင်းချလျှက် ရှိကြောင်း သိရပြီး၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဆွေဦးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးဖြိုးတင့်ခိုင်တို့က လှည်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)


