ကျောက်ပန်းတောင်း ၁ ဇန်နဝါရီ
အညာဒေသဖြစ်သော မန္တလေးတိုင်းတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၁၈ခုနှစ်နှင့် ၂၀၁၉ခုနှစ် မိုးရာသီကာလများအတွင်း မိုးရွာသွန်းမှုနည်းပါးခဲ့သဖြင့် ကျေးရွာများရှိ မိုးရေလှောင်ကန်များတွင် ရေဝင်ရောက်မှုနည်းပါးခဲ့ရာ၊ ယခုနှစ် လာမည့်နွေရာသီကာလများတွင် ရေခက်ခဲမှုဖြစ်ပေါ်နိုင်ကြောင်းသိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၁၈ ခုနှစ်၊ တစ်နှစ်တာကာလအတွင်း ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း မိုးရွာ သွန်းရက်(၅၅)ရက်ရှိခဲ့ပြီး၊ တစ်နှစ်ပတ်လုံး မိုးရေချိန်လက်မမှာလည်း (၂၉.၃)လက်မသာရရှိခဲ့ကြောင်း သိရသည်။ အဆိုပါနှစ်အတွင်း မိုးရွာသွန်းမှုနည်းပါးခဲ့သဖြင့် ကြက်မောက်တောင် ဆည်ရေသောက်ဒေသများ၌ ဆောင်းသီးနှံအပြည့်အဝ စိုက်ပျိုးနိုင်ခြင်းမရှိဘဲ နွေစပါးစိုက်ပျိူးနိုင်မှုဧကလည်း ယခင်နှစ်များထက်နည်းပါးခဲ့ကြောင်း သိရသည်။
၂၀၁၉-ခုနှစ်တွင် မိုးရွာသွန်းမှုမှာ ၂၀၁၈ ခုနှစ်ထက်ပင် ပိုမိုနည်းပါးလာသည်ကိုတွေ့ရှိရပြီး ၂၀၁၉ခုနှစ်အတွင်း ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ မိုးရွာသွန်းရက်မှာ တစ်နှစ်ပတ်လုံး(၄၄)ရက်သာရှိခဲ့ပြီး၊ မိုးရေချိန်လက်မမှာလည်း (၁၉)လက်မသာရရှိခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရပါသည်။
သို့ဖြစ်ရာ ကျောက်ပန်းတောင်းမြို့နယ်အတွင်း တစ်နှစ်ထက်တစ်နှစ် မိုးရွာသွန်းမှု ပိုမိုနည်းပါးလာလျှက်ရှိပြီး၊ အဓိကမှီခိုအားထားနေရသည့် ကြက်မောက်တောင်ဆည်အတွင်း ရေဝင်ရောက်မှုနည်းပါးလာသည့်နည်းတူ၊ ကျေးရွာများရှိ မိုးရေလှောင်ကန်များတွင်လည်း ရေဝင်ရောက်မှုမရှိသဖြင့် လာမည့်နွေရာသီကာလတွင် စက်ရေတွင်း တူးဖော်အသုံးပြုနေသည့် ကျေးရွာများတွင်အခက်အခဲများစွာ မရှိနိုင်သော်လည်း၊ စက်ရေတွင်းမရှိဘဲ မိုးရေလှောင်ကန်ကိုသာ အားထားမှီခိုသုံးစွဲနေရသည့် ကျေးရွာအချို့တွင် သောက်သုံးရေ ခက်ခဲရှားပါးမှုနှင့် ကြုံတွေ့လာနိုင်ကြောင်း သိရှိရသည်။
“ကျွန်တော်တို့ ရွာမှာက အရင်တုန်းက စက်ရေတွင်းရှိတယ်ဗျ။ ရွာသားတွေက မိုးရေလှောင်ကန်ကရေရှိတော့ စက်ရေတွင်း ရေကို သိပ်မသုံးကြဘူး။ အဲ့တော့ စက်ကရပ်ရပ်ထားရရော။ နောက်တော့ ပိုက်ကိုသံချေးလိုက်ပြီး ပိုက်ပြတ်သွားတာနဲ့ စက်တွင်းကပျက်ကရော။ ၃နှစ်လောက်ရှိပြီ။ ပြန်ပြင်ဖို့ဟာကလည်း ရွာအင်အားနဲ့ကမ တတ်နိုင်ဘူး… မြို့နယ်ကိုတော့ တင်ပြထားတာပဲ။ အခုတော့ ရွာအနီးအနားက မိုးရေလှောင်ကန်လေးတွေက ခပ်ပြီးသုံးနေကြတာပေါ့… ကန်တွေကလည်း မိုးနည်းတော့ရေမတင်ပါဘူးဗျာ။ လာမယ့် ပြာသိုလကွယ်ပြီးရင်ကို ကုန်သလောက်ရှိမှာပါ…” ဟု ရွာလုကျေးရွာမှ ဒေသခံ ဦးတင်မောင်ဦး က ပြောပြပါသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ကျေးရွာအုပ်စု(၁၀၉)အုပ်စုရှိပြီး၊ ကျေးရွာပေါင်း(၃၃၉)ရွာရှိရာ၊ ကျေးလက်ဒေသများ သောက်သုံးရေရရှိရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဘဏ္ဍာနှစ်အလိုက် စီစဉ်ဆောင်ရွက်ပေး လျှက်ရှိသည့်အပြင်၊ အဖွဲ့အစည်းများနှင့်ပုဂ္ဂလိက အလှူရှင်များကလည်း စက်ရေတွင်းတူးဖော်လှူဒါန်းခြင်း၊ မိုးရေလှောင်ကန်များ တူးဖော်ပေးခြင်းများကို ဆောင်ရွက်ပေးလျှက်ရှိသော်လည်း၊ နွေရာသီကာလ ရေခက်ခဲရှားပါးသည့်အချိန်များတွင် ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကအလှူရှင်များက ရေသယ်ယာဉ်များဖြင့် လိုက်လံလှူဒါန်းပေးရလေ့ရှိကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)